လူနာတင်ယာဉ် နှစ်စီးတိုက်ခိုက်ခံရ တစ်ဦးသေ၊ လေးဦး ဒဏ်ရာရ

0:00 / 0:00

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်နဲ့ AA၊ TNLA၊ MNDAA ပူးပေါင်းအဖွဲ့ဖြစ်တဲ့ ညီနောင်မဟာမိတ် သုံးဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေပြီး လူမှုကူညီရေးဆောင်ရွက်နေတဲ့ အဖွဲ့တွေကိုလည်း ပစ်ခတ်တိုက်ခိုက်တာတွေရှိတာကြောင့် လူနာတင်ယာဉ် နှစ်စီး ထိခိုက်ခဲ့ပြီး လူ တစ်ဦး သေဆုံးကာ လူ လေးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

လားရှိုးမြို့နဲ့ မူဆယ်မြို့ကြားမှာ တိုက်ပွဲဖြစ်နေတာကြောင့် ကူညီကယ်ဆယ်ရေးသွားရောက် ဆောင်ရွက်ပေးခဲ့တဲ့ လားရှိုးအခြေစိုက် လားရှိုးလူငယ် လူမှုကူညီရေးအဖွဲ့က ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင်တချို့ လိုက်ပါလာတဲ့ လူနာတင်ယာဉ် ပစ်ခတ်ခံရပြီး အဖွဲ့ဥက္ကဋ္ဌ သေဆုံးသွားခဲ့ကြောင်း အဖွဲ့ဝင် ကိုစိုင်းဝသုန်ထွန်းက RFA ကို အတည်ပြုပြောဆိုပါတယ်။

ဒါ့အပြင် အဖွဲ့ဝင် သုံးဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အလားတူ နမ့်ဖတ်ကာမြို့မှာ တိုက်ပွဲဖြစ်ပွားပြီး လူနာသွားရောက်ခေါ်ဆောင်တဲ့ မေတ္တာရှင် နမ့်ဖက်ကာ လူမှုကူညီရေးအသင်း ကားတစ်စီး ပစ်ခတ်ခံရပြီး လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

လူမှုကူညီရေးအဖွဲ့တွေကို ပစ်ခတ်တာဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြာရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။

ညီနောင်တိုင်းရင်းသားအဖွဲ့တွေရဲ့ ပြောရေးဆိုခွင့်ရှိသူတွေကို RFA က မေးမြန်းဖို့ကြိုးပမ်းခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

လူမှုကူညီရေးအဖွဲ့ကို ဘယ်အဖွဲ့က ပစ်ခတ်လိုက်တာလဲဆိုတာကို RFA က စုံစမ်းနေဆဲဖြစ်ပြီး အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

တပ်မတော်နဲ့ ညီနောင်မဟာမိတ်ဖွဲ့တွေဟာ နမ့်ဖက်ကာ ကွတ်ခိုင်လမ်းမပေါ် တိုက်ပွဲတွေဖြစ်နေတာကြောင့် အသွားအလာတွေ မရှိတော့သလို ပိတ်မိနေသူတွေလည်း မရှိဘူးလို့လည်း နမ့်ဖတ်ကာ လူမှုကူညီရေးအဖွဲ့က ပြောပါတယ်။

မနေ့ညပိုင်းတုန်းကလည်း ကျောက်မဲမြို့က တပ်မတော်တပ်ရင်းဌာနချုပ်တစ်ခုကို လက်နက်ကြီးနဲ့ လာရောက်ပစ်ခတ်တာရှိတယ်လို့ှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

(RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့သည်)