ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) အနေနဲ့ မိမိတို့နဲ့ ဘဝတူတော်လှန်ရေး အဖွဲ့ဖြစ်တာမို့ အကူအညီတွေပေးမှာဖြစ်ကြောင်း AA ရခိုင်၊ TNLA တအာင်းနဲ့ MNDAA ကိုးကန့် ညီနောင်မဟာမိတ် သုံးဖွဲ့တို့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
မေလ ၃၁ ရက် ဒီနေ့မှာကျရောက်တဲ့ KNDF ဖွဲ့စည်းတည်ထောင်တာ တစ်နှစ်ပြည့် မြောက်တဲ့နေ့ အထိမ်းအမှတ်အဖြစ် ညီနောင်မဟာမိတ်သုံးဖွဲ့တို့ရဲ့ ဂုဏ်ပြုသဝဏ် လွှာပေးပို့တဲ့အထဲ ခုလို ဖော်ပြလိုက်တာပါ။
စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ဖြုတ်ချဖို့ နွေဦးတော်လှန်ရေးထဲမှာ ပေါက်ဖွားလာတဲ့ အဖွဲ့တွေထဲက တစ်ခုဖြစ်တဲ့ KNDF အဖွဲ့ဟာ ကရင်နီလူမျိုးတွေနဲ့ ဒေသကာကွယ်ရေးကို ကာကွယ်စောင့်ရှောက်နေတဲ့အဖွဲ့ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
KNDF တပ်ရင်း ၅ ကနေ အမျိုးသမီး အထူးတပ်သားသင်တန်းကို မေလအတွင်း အမျိုးသမီးရဲမေ ၆၀ ကျော်နဲ့ ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲဝင်နိုင်ရေးအတွက် ပထမဆုံးအကြိမ် ဖွဲ့စည်းထားနိုင်ခဲ့တယ်လို့လည်း KNDF က ထုတ်ပြန်ထားပါတယ်။
KNDF တစ်နှစ်ပြည့်အခမ်းအနားကို တိုင်းရင်းသား ညီနောင်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ် ကောင်စီကို ဆန့်ကျင်တွန်းလှန်နေတဲ့ ဗမာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ကလည်း ဝန်းရံအားပေးနေကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။