တစ်လကျော်အတွင်း ကလေး ၂၄ ဦး သေဆုံးကြောင်း AAPP ထုတ်ပြန်
2024.06.06
စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်မှုတွေကြောင့် မေလ၁ ရက်ကနေ ဇွန်လ ၆ ရက်နေ့အထိ အသက် ၁၈ နှစ်အောက် ကလေး ၂၄ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က သတင်းထုတ်ပြန်ပါတယ်။
သေဆုံးသူ ၂၄ ဦးထဲမှာ မိန်းကလေး ငါးဦးနဲ့ ယောကျာ်းလေး ၁၉ ဦး ပါဝင်ပြီး အဲဒီထဲမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ကိုးဦးပါဝင်တယ်လို့ ဆိုပါတယ်။ သေဆုံးသူတွေဟာ ရခိုင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့က အများဆုံးဖြစ်တယ်လို့ AAPP စာရင်းမှာ ဖော်ပြထားပါတယ်။
ဒီစာရင်းမှာ ဇွန် ၃ရက်နေ့က စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် မတောကျေးရွာက မင်္ဂလာဆောင် ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့တဲ့ ကလေးအရေအတွက် အတိအကျ မသိရသေးတဲ့အတွက် မထည့်သွင်းထားဘူးလို့ AAPP က ဆိုပါတယ်။ RFA က ဇွန် ၆ ရက်နေ့အထိ ရရှိထားတဲ့စာရင်းအရ မတောကျေးရွာ မင်္ဂလာဆောင် ဗုံးကြဲခံရမှုမှာ အသက် ၁၈ နှစ်အောက် ကလေးငါးဦး သေဆုံးခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ဇွန်လ ၆ရက်နေ့အထိ ပြုစုထားတဲ့စာရင်းအရ စစ်တပ်အာဏာသိမ်းထားတဲ့ကာလအတွင်း ဒီမိုကရေစီအရေးလှုပ်ရှားသူနဲ့ ပြည်သူ စုစုပေါင်း (၅,၂၃၆) ဦး သေဆုံးခဲ့ပါတယ်။