ဦးကျော်ဝင်းကို စစ်ဆေးတေ့ွရှိချက် သမ္မတထံ တင်ပြထား


2018.05.27
kyawwin-minister-622.jpg စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်း ကို တွေ့ရစဉ်
Photo: RFA

အဂတိလိုက်စားမှုနဲ့ တိုင်ကြားခံထားရတဲ့ စီမံကိန်း နဲ့ ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးကျော်ဝင်းနဲ့ ပတ်သက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရဲ့ စစ်ဆေးတေ့ွရှိချက် အစီရင်ခံစာကို နိုင်ငံတော် သမ္မတထံ တင်ပြထားကြောင်း ကော်မရှင်က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတော် သမ္မတထံ ပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့က တင်ပြထားတာဖြစ်ပြီး ကော်မရှင်ဟာ အဲဒီကိစ္စနဲ့ပတ်သက်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာနဲ့ လျှို့ဝှက်အဆင့်အတန်း သတ်မှတ်ထားတဲ့ ကိစ္စမှတပါး ကော်မရှင်ရဲ့ ဆုံးဖြတ်ချက် တွေကို သ့င်တော်တဲ့အချိန်မှာ ထုတ်ပြန်ပေးသွားမယ်လို့လည်း ပါရှိပါတယ်။

ဦးကျော်ဝင်းကို ဝန်ကြီးအဖြစ်ကနေ နုတ်ထွက်ခွင့်ပြုကြောင်း ပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့က နိုင်ငံတော် သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ ဦးကျော်ဝင်းနဲ့ပတ်သက်တဲ့ တိုင်ကြားစာဟာ မေလ ၃ ရက်နေ့က ရောက်ရှိပြီး မေလ ၇ ရက်နေ့မှာ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စစ်ဆေးခဲ့ကြောင်း၊ ကော်မရှင်ထံ ရောက်ရှိလာ တဲ့ တိုင်ကြားစာတွေနဲ့ပတ်သက်ပြီး ခွဲခြားမှုမရှိဘဲ စစ်ဆေးကြောင်း ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က မေလ ၂၃ ရက်နေ့က သတင်းမီဒီယာတွေကို ပြောထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ ဦးကျော်ဝင်းဟာ ဝန်ကြီးတာဝန်ကို နှစ်နှစ်ကျော် ထမ်းဆောင်ပြီးနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားခံရတာဖြစ်ပါတယ်။ ကိုယ်စားလှယ်အဖြစ်ကနေ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခံရချိန်မှာလည်း ဒေါက်တာဘွဲ့လက်မှတ်နဲ့ ပတ်သက်ပြီး ဝေဖန်ခံခဲ့ရသူ ဖြစ်ပါတယ်။

အဂတိလိုက်စားမှု ကော်မရှင်ရဲ့ စစ်ဆေးမှု ခံနေရတဲ့ ဦးကျော်ဝင်းဟာ စစ်ဆေးနေစဉ်ကာလအတွင်း တာဝန်ကနေ နုတ်ထွက်သွားတာကို အစိုးရက ခွင့်ပြုလိုက်တဲ့အပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်။

အဂတိလိုက်စားမှုတွေနဲ့ ပတ်သက်ပြီး သမ္မတ ဦးဝင်းမြင့် လက်ထက်မှာ ညွှန်ကြားရေးမှူးချုပ် အဆင့်ရှိတဲ့ အစား အသောက်နဲ့ ဆေးဝါးကွပ်ကဲမှုဦးစီးဌာနက ဒေါက်တာ သန်းထွဋ်ကို ငွေကျပ်သိန်း ၁၅၀၀ ကျော် အလွဲသုံးစားလုပ်မှုနဲ့ အမှုဖွင့်ထားပြီး မန္တလေးတိုင်းတရားလွှတ်တော်မှာ စစ်ဆေးနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။