အက်စစ်နဲ့ပက်တဲ့အမှုတွေ ထိထိရောက်ရောက်အရေးယူဖို့ တောင်းဆို

ဇာဏီထွဏ်း
2020-04-10
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

လူ့အခွင့်အရေးရှုထောင့်ကကြည့်ရင် လုံးဝခွင့်လွှတ်လို့မရတဲ့ အက်စစ်နဲ့ပက်တဲ့ အမှုတွေကို ထိထိရောက်ရောက် အရေးယူတာတွေလုပ်ပေးဖို့၊ နောက်ပိုင်းမှာ ဒါကိုအတုယူပြီး အက်စစ်နဲ့ပက်တာတွေ ခေတ်စားလာမှာကို လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေက စိုးရိမ်နေကြပါတယ်။

အက်စစ်နဲ့ပက်တယ်ဆိုတဲ့ သတင်းတွေကို ကြားလာရပါပြီ။ အက်စစ်နဲ့ပက်တာဟာ ဒေါသအလျောက် ပြုမူတာမဟုတ်ဘဲ သေချာစီစဉ်ပြီး လုပ်တာဖြစ်တဲ့အတွက် ဒီလိုအမှုအခင်းတွေကို ထိထိရောက်ရောက် အရေးမယူဘူးဆိုရင် နောက်ထပ်ဒီလိုဖြစ်ရပ်မျိုးတွေ ဖြစ်လာမှာကို စိုးရိမ်ကြရတာပါ။

ဒီရက်ပိုင်းမှာဆိုရင် အိမ်ရှင်သရုပ်ဆောင် ဇနီးမောင်နှံက အိမ်အကူမိန်းကလေးကို အက်စစ်နဲ့ မိန်းမကိုယ်ကိုပက်တဲ့ကိစ္စဟာ လူတွေကို အံ့အားသင့်စေခဲ့ပါတယ်။

ဒီလိုလုပ်တာတွေဟာ နှိပ်စက်ညှဉ်းပန်းတာပဲလို့ ညီမျှခြင်းမြန်မာအဖွဲ့က ဦးအောင်မျိုးမင်းက ပြောပါတယ်။

"အက်စစ်နဲ့ပက်ပြီး အကြမ်းဖက်မှုကျုးလွန်တာသည် လူတစ်ယောက်ရဲ့အသက်ရှင်ခွင့် Right to Life ကို ကျုးလွန်တာဖြစ်ပါတယ်။ နောက်တစ်ခုက အခုလိုလုပ်တဲ့အခါမှာ အသက်မသေပေမယ့် သူ့ကို ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် ဒဏ်ရာ အနာတရဖြစ်အောင် လုပ်ဆောင်တဲ့ ရည်ရွယ်ချက်ရှိတယ်။ အဲ့ဒါကို လူ့ရဲ့ဂုဏ်သိက္ခာကို ညိုးနွမ်းစေအောင် လုပ်ဆောင်တဲ့ ညှဉ်းပန်းနှိပ်စက်ခြင်းမှာ ထည့်လို့ရတယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့လုပ်ဆောင်မှုက တစ်ခါလုပ်ပေမယ့် လူတစ်ယောက်ရဲ့စိတ်ကို အမြဲတမ်းထိခိုက်စေတယ်။ လူတစ်ယောက်က ဒီဒဏ်ရာကို မြင်တိုင်းမြင်တိုင်း စိတ်ဆင်းရဲရတဲ့အတွက် နှိပ်စက်ညှဉ်းပန်းမှုဖြစ်ပါတယ်။"

အရှေ့အာရှနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနဲ့ ပါကစ္စတန်မှာဆိုရင် တစ်နှစ်ကို အမျိုးသမီး ၃၀၀ ကနေ ၅၀၀ ကြား အက်စစ်နဲ့ အပက်ခံရတယ်လို့ သတင်းတွေမှာ တွေ့နေရပါတယ်။ အဓိကကတော့ အမျိုးသားက ချစ်ရေးဆိုတာ၊ လက်ထပ်မှာကို အမျိုးသမီးက ငြင်းဆန်လို့ အမျိုးသားတွေက အက်စစ်နဲ့ ပက်တာများပါတယ်။

အခုဖြစ်နေတဲ့ အိမ်ဖော်ကလေးမလေးကိစ္စကတော့ သရုပ်ဆောင် မင်းသားတစ်ယောက်နဲ့ ဆက်နွယ်တာကြောင့် လူသိများခဲ့တာပါ။

အက်စစ်နဲ့အလောင်းခံရတဲ့ တခြားကိစ္စရပ်တွေလည်း ရှိခဲ့ပါတယ်။

အက်စစ်ဟာ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် အရေပြားတွေသာမက ကိုယ်အစိတ်အပိုင်းတွေကိုပါ ပျက်စီးစေပါတယ်။ အက်စစ်လောင်ကျွမ်းတာကြောင့် ရုပ်ရည်တွေ ပျက်စီးပြီး လူအများကြား ဝင်ဆံ့ဖို့လည်း မလွယ်တော့ပါဘူး။

ဒီလိုအကြမ်းဖက်ခံရတဲ့အထဲမှာ အမျိုးသမီးတွေ များပါတယ်။ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေကို အကာအကွယ်ပေးနိုင်တဲ့ ဥပဒေကလည်း အားနည်းတာတွေ ရှိနေတယ်လို့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ ဒေါ်ခင်လေးက ပြောပါတယ်။

"တရားဥပဒေအရကြည့်ရင် သူက နာကျင်စေမှု၊ ထိခိုက်နာကျင်စေမှုတို့လောက်ပဲဖြစ်ပြီးတော့ ပြောရရင် အမျိုးသမီးဟာ ပြင်းပြင်းထန်ထန် တရားစွဲဆိုလို့မရတဲ့အတွက် ဥပဒေကြောင်းအရ  တရားမျှတမှုမှာလည်း တော်တော်လေးကို အားနည်းသွားမယ်ထင်တယ်။ ကျမတို့မှာက ထိခိုက်နာကျင်စေမှုပဲရှိတယ်လေ။ လူလည်းမသေဘူးပေါ့။ အဲ့တော့ သူ့ဘက်က ပြန်ရတဲ့ တရားမျှတမှုဆိုတာ တော်တော်နည်းတဲ့အပြင် သူ့ဘဝမှာ လျှောက်လှမ်းရမယ့် မိသားစုအတွက် ရုန်းကန်ရမယ့်အတွက်တွေပါ သူ့ဘဝက လူညွန့်တုန်းသလို ဖြစ်သွားတဲ့အတွက် အခွင့်အရေးပိုင်းနဲ့ ပြောမယ်ဆိုရင် ဒါတွေက လူသားတစ်ယောက်တစ်ယောက်ရဲ့ အခွင့်အရေးတွေ မရတော့တဲ့အတွက် လူ့အခွင့်အရေးတွေ ဆုံးရှုံးတယ်လို့ ကျမမြင်ပါတယ်။"

အကြမ်းဖက်ခံရသူတွေဟာ သူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာတွအပြင် လူမှုရေးတွေ၊ စီးပွားရေးတွေ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေမှာပါ ထိခိုက်ခံစားကြရပါတယ်။

၂၀၁၉ ခုနှစ်က ဧရာဝတီတိုင်း မအူပင်ခရိုင်၊ ပန်းတနော်က မလဲ့လဲ့ဝင်း ဆိုရင် မျက်နှာတစ်ခြမ်းလုံး အပါအဝင် မျက်လုံးပါ ပျက်စီးသွားတာပါ။

"ကားကုမ္ပဏီက ဧရာဝတီတိုင်း ကိုယ်စားလှယ်အနေနဲ့ မလုပ်နိုင်တော့ပါဘူး။ ပိုက်ဆံငွေကြေးကိစ္စတွေလည်း မလုပ်နိုင်တော့ပါဘူး။ လောလောဆယ် အနားယူရတယ်။ ဆေးသောက်ရတယ်။ တစ်နေ့တစ်နေ့ ဆေးသောက်ရင်း၊ ဆေးခန်းသွားရင်း၊ အနားယူရင်းနဲ့ အချိန်ကုန်နေရပါတယ်။ အစ်မဆိုရင် ပိုဆိုးတယ်။ မျက်နှာပြင်တစ်ခုလုံး ပျက်စီးသွားပြီး မွေးရာပါ  မျက်စိတောင် ကန်းသွားအောင်လုပ်တယ်။ ဒီလိုမျိုး အက်စစ်နဲ့ပက်ခံရတဲ့သူတွေဟာ အကြမ်းဖက်တဲ့သူတွေကို သေဒဏ်အထိ ပြစ်ဒဏ်ချစေချင်တယ်။ အဲ့လိုလုပ်တာတွေက ကြမ်းတမ်းရက်စက်တယ်။"

အက်စစ်နဲ့အပက်ခံရသူတွေအတွက် အရေးယူတဲ့ဥပဒေအများစုဟာ ရာဇသတ်ကြီးဥပဒေ အပြင်းအထန် နာကျင်စေမှုပုဒ်မတွေဖြစ်ပါတယ်။ အဲ့ဒီမှာဆိုရင် သာမာန်နာကျင်စေမှုကနေ အပြင်းထန်နာကျင်စေမှုအထိ ထောင်ဒဏ်တစ်လကနေ တစ်သက်တစ်ကျွန်း၊ ဆယ်နှစ် အထိ ပါဝင်ထားပါတယ်။

အက်စစ်နဲ့ပက်တာလို အကြမ်းဖက်မှုတွေ ပပျောက်ဖို့အတွက် ဒီလိုဥပဒေတွေရှိနေပေမယ့် မလုံလောက်ဘူးလို့ ဥပဒေရေးရာ ကုစားရေးအဖွဲ့က ဒေါ်လှလှရီက ပြောပါတယ်။

"ရာဇသတ်ကြီးမှာ အက်စစ်နဲ့ အဲ့လိုပက်မယ်ဆိုလို့ရှိရင် ထောင်ဒဏ်အားဖြင့်လည်း ပြင်းထန်မယ့်သဘော ရှိပါတယ်။  ဒီလိုမျိုးကိစ္စတွေကို လျော့ကျအောင်လုပ်ဖို့ဆိုရင် ဥပဒေပြဌာန်းရုံနဲ့ မလုံလောက်ဘူးဆိုတာ ပြောနေတာဖြစ်ပါတယ်။ ဥပဒေပြဌာန်းထားသော်လည်း ဒီလိုမျိုး အက်စစ်နဲ့ပက်တာတွေ နောက်နောင်မဖြစ်အောင် public awareness လူထုအသိပညာပေးတာတွေ လုပ်ရမယ်။"

မြန်မာနိုင်ငံမှာ ဒီလိုအမှုကိစ္စမျိုး ဘယ်လောက်ရှိတယ်၊ ဘယ်နှစ်ယောက်လောက် ထိခိုက်ခံစားခဲ့ရတယ် ဆိုတာတော့ စုဆောင်းထားတဲ့အချက်လက်တွေ မရှိပါဘူး။

ရှာဖွေတွေ့ရှိရသလောက်ဆိုရင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတုန်းက မန္တလေးတိုင်း၊‌ ကျောက်ဆည်မြို့ မှာ အမျိုးသား နှစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် အက်စစ်နဲ့ အပက်ခံခဲ့ရပါတယ်။

အမျိုးသားရဲ့ ဦးခေါင်း၊ ညာဘက်နားနဲ့ မျက်စိတို့ ပျက်စီးခဲ့ရပါတယ်။ နောက်အမျိုးသားတစ်ယောက် က ဦးခေါင်း၊ လက်နဲ့ ပေါင်၊ အမျိုးသမီးကတော့ လက်နဲ့ခြေဖမိုးတွေမှာ အရည်ပြားလောင်ကျွမ်းခဲ့ရပါတယ်။

၂၀၁၆ ခုနှစ်မှာတုန်းက မွန်ပြည်နယ် သံဖြူဇရပ်က အမျိုးသမီးတစ်ယောက်၊ ၂၀၁၄ မှာ ရန်ကုန်တိုင်း သာကေတမြို့နယ်မှာ အမျိုးသမီးတစ်ယောက်၊ ၂၀၁၄ ခုနှစ်မှာပဲ အင်းစိန်မြို့မှာ လင်မယား ကွာရှင်းပြီးသားကို ပြန်လာခေါ်တဲ့အမျိုးသမီးကို အမျိုးသားက အက်စစ်နဲ့ လောင်းလိုက်တာတွေလည်း ရှိပါတယ်။

၂၀၁၀ မှာဆိုရင် မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်မှာ အိမ်အကူ အမျိုးသမီးကို အက်စစ်လောင်းပြီး ရှစ်နှစ်အကြာ အိမ်မှာပိတ်ထားခဲ့တဲ့ကိစ္စ ရှိခဲ့ပါတယ်။

ဒါတွေက သတင်းတွေမှာ ဖော်ပြခွင့်ရခဲ့တဲ့ အက်စစ်လောင်းခံရမှုတွေပါ။

အက်စစ်နဲ့ပက်တဲ့သူတွေကို ပြစ်ဒဏ်အရ ထောင်ဒဏ်တွေချပြီး အရေးယူပေမယ့် သူတို့က တစ်ချိန်ချိန်မှာ လွတ်မြောက်မှာပါ။

ဒါပေမဲ့ အက်စစ်နဲ့ ပက်ပြီး အကြမ်းဖက်ခံထားရသူတွေအတွက်ကတော့ သေသည်အထိပါမယ့် ဒဏ်ရာတွေရှိနေတုန်းပါပဲ။

သူတို့ရဲ့ အကြမ်းဖက်ခံရမှုတွေနောက်မှာ နောက်ထပ်ပေးဆပ်လိုက်ရတာက လူမှုအသိုင်းအဝိုင်းက ခွဲခြားဆက်ဆံမှုတွေပါ။ ဒါ့ကြောင့် အက်စစ်နဲ့ပက်သက်ပြီး အကြမ်းဖက်ခံရသူတွေကို ရပ်ရွာ၊ လူမှုအသိုင်းအဝိုင်းက မပစ်ပယ်ဖို့၊  အားပေးဖို့၊ ကူညီဖို့လည်း လိုအပ်တဲ့အပြင် ဒီလိုဖြစ်ရပ်ဆိုးတွေ ထပ်မဖြစ်အောင်လည်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်ရေး ဥပဒေကြမ်းမှာ ကြီးမားတဲ့ ပြစ်မှု ပြစ်ဒဏ်တွေ ထည့်သွင်းစေချင်တယ်လို့လည်း တောင်းဆိုကြပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့