ဆင်းရဲမွဲတေမှု လျှော့ချရေးအတွက် စွမ်းအင်သုံးစွဲရန် လိုအပ်

မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေ မှုလျှော့ချပြီး ဖွံ့ဖြိုးတိုးတက်နိုင်ရေး အတွက် စွမ်းအင်ပိုမိုသုံးစွဲဖို့ လိုအပ်နေကြောင်း၊ စွမ်းအင်ရင်းမြစ်တွေ အမြောက်အများရှိနေပေမဲ့ ထုတ်ယူသုံးစွဲနိုင်တဲ့ အခြေအနေ မရှိဘဲဖြစ်နေကြောင်း ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့အခြေစိုက် ADB အာရှဖွံ့ဖြိုးရေးဘဏ် က ပြောပါတယ်။

2012.11.27
adb-burma-b305 မဟာမဲခေါင်ဒေသ ဖွံ့ဖြိုးရေးအတွက် ၆ နိုင်ငံ ဝန်ကြီးများနှင့် ADB အာရှ ဖွံ့ဖြိုးရေးဘဏ်၏ အာရှ ပစ္စဖိတ်နဲ့ အရှေ့တောင်အာရှဒေသဆိုင်ရာ အကြီးအကဲဖြစ်သူ မစ္စတာ Stephen Groff တို့ ဇွန်လ ၂၈ ရက်နေ့က တွေ့ဆုံဆွေးနွေးသည့် သတင်းကို ဖော်ပြထားသော ADB ၏ အင်တာနက် စာမျက်နှာတစိတ်တပိုင်းပုံ ဖြစ်ပါသည်။
RFA

မြန်မာနိင်ငံရဲ့ စွမ်းအင်ကဏ္ဍနဲ့ပတ်သက်လို့ ပဏာမ အကဲဖြတ်မှတ်တမ်းအရ မြန်မာနိင်ငံမှာ စွမ်းအင် အရင်းမြစ်အမြောက်အများရှိတာမို့ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၊ ရေနံနဲ့သဘာဝဓါတ်ငွေ့ ရှာဖွေရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာအောင်ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ADB အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

နည်းလမ်းပေါင်းများစွာအနက် ရေအားလျှပ်စစ်ထုတ်လုပ်ရေးနဲ့ သဘာဝဓါတ်ငွေ့ ထုတ်လုပ်ရေးတို့ က အဓိကဖြစ်ပြီး၊ မြန်မာနိုင်ငံမှာရှိတဲ့ မြစ်တွေအားလုံးကနေ ရေအားလျှပ်စစ် Megawatt ၁သိန်းကျော်လောက် ထုတ်ယူနိင်မယ်လို့ ADB က ခန့်မှန်းထားပါတယ်။  နိုင်ငံတွင်းက သဘာဝဓါတ်ငွေ့တွေကလည်း  ၁၂ Trillion ကုဗပေ ထွက်ရှိနိင်ပြီး ထိုင်းနိင်ငံကို ဓါတ်ငေ့ွတွေ ပို့ပေးနေရတယ်လို့ ADB ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စွမ်းအင်ရင်းမြစ်တွေပေါကြွယ်ဝပေမဲ့ မြန်မာနိင်ငံမှာ လျှပ်စစ်ဓါတ်အားသုံးစွဲနိုင်မှုဟာ အာရှတိုက်မှာ အနည်းဆုံးဖြစ်နေတာ တွေ့ရတယ်လို့လည်း ADB က ပြောပါတယ်။

မြန်မာနိုင်ငံမှာ သဘာဝ စွမ်းအင်ရင်းမြစ်တွေပေါများပေမဲ့ ဆယ်စုနှစ်ပေါင်းများစွာ အမြစ်တွယ်နေတဲ့ ရင်းနှီးငွေကန့်သတ်ချက်ရှိနေတာ၊ ပညာအရည်အချင်းနဲ့ နိုင်ငံတကာလုပ်ငန်းအတွေ့အကြုံ ပြည့်မီသူ နည်းပါးလွန်းတာ၊ စွမ်းအင်နဲ့ ပတ်သက်တဲ့ ဝန်ကြီးဌာန (၇) ခုကြား ညှိုနှိုင်းဆောင်ရွက်မှုမရှိတာ စတဲ့ ပြဿနာတွေကြောင့်ဖြစ်တယ်လို့ ADB စွမ်းအင် ညွှန်ကြားရေးမှူး Anthony Jude က ပြောပါတယ်။

စွမ်းအင်ထုတ်ယူတဲ့နေရာမှာ သဘာဝပတ်ဝန်းကျင်ကိစ္စ၊ နယ်မြေခံလူထု အခြေအနေတွေကိုလည်း ထည့်တွက်သင့်တယ်လို့ လေ့လာသူတွေက ပြောဆိုကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။