ရန်ကုန် လေထုညစ်ညမ်းမှု ကျန်းမာရေး ထိခိုက်နိုင်ကြောင်း စစ်ကောင်စီ ထုတ်ပြန်
2025.02.05

ရန်ကုန်မြို့ရဲ့ လေထုညစ်ညမ်းမှုဟာ စစ်ကောင်စီ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ တိုင်းတာချက်တွေအရ ဇန်နဝါရီလတစ်လလုံးရဲ့ ရက်အများစုမှာ ခံနိုင်ရည်နည်းပါးသူတွေအတွက် ကျန်းမာရေး ထိခိုက်နိုင်တဲ့ အဆင့်မှာရှိခဲ့တယ်လို့ ဖေဖော်ဝါရီလ ၅ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေကတစ်ဆင့် ဖော်ပြပါတယ်။
တစ်လလုံးမှာ ခံနိုင်ရည်နည်းပါးသူတွေအတွက် ကျန်းမာရေးထိခိုက်နိုင်တဲ့ အဆင့်ထိရောက်ခဲ့တာက ၂၅ ရက်၊ လူတိုင်းကျန်းမာရေးကို ထိခိုက်နိုင်တဲ့အဆင့် တစ်ရက်ရှိခဲ့ပြီး ကျန်တဲ့ ငါးရက်ကသာ လေထုညစ်ညမ်းမှု အသင့်အတင့်မှာရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် အရင်ကတည်းက နာတာရှည်ရောဂါရှိသူတွေနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူတွေအနေနဲ့လည်း အခုအချိန်မှာပိုပြီး သတိပြုနေထိုင်ကြဖို့ ဆရာဝန်တွေက တိုက်တွန်းထားပါတယ်။
ရန်ကုန်မြို့ရဲ့ လေထုညစ်ညမ်းမှုအခြေအနေဟာ မိုးဦးကာလအထိ ဆက်ရှိနိုင်တယ်လို့ မိုးလေဝသ လေ့လာသုံးသပ်သူ ဦးဝင်းနိုင်က RFA ကို ပြောထားပါတယ်။
ကမ္ဘာ့လေထု အရည်အသွေး တိုင်းတာရေးအဖွဲ့အစည်း (IQAir) ရဲ့ တိုင်းတာချက်အရ ဖေဖော်ဝါရီလ ၃ ရက်နေ့ မနက် ၈ နာရီခွဲက ရန်ကုန်မြို့ရဲ့ လေထုအရည်အသွေး တိုင်းတာချက်အရ (AQI) ညွှန်းကိန်း ၂၂၆ ဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင်း အဆိုးဆုံးနေ့အဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့ ဆိုပါတယ်။