လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၂၈၁ ဦးသေဆုံးခဲ့တယ်လို့ ကုလအစီရင်ခံစာဖော်ပြ

RFA Burmese
2023.09.26
လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၂၈၁ ဦးသေဆုံးခဲ့တယ်လို့ ကုလအစီရင်ခံစာဖော်ပြ ၂၀၂၃ ခုနှစ်၊ မတ်လအတွင်း စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်ခံရသည့် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးဆေးရုံကို တွေ့ရစဉ်။
KNDF

စစ်တပ်အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်အတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ အကြိမ်တစ်ထောင်ခန့် တိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး လူ ၂၈၁ ဦးသေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး OHCHR ရဲ့ စက်တင်ဘာလ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ ၃၀၁ ကြိမ်၊ ၂၀၂၂ ခုနှစ် ဧပြီလကနေ ၂၀၂၃ ခုနှစ် ဇူလိုင်လအထိ ၆၈၇ ကြိမ် စုစုပေါင်း ၉၈၈ ကြိမ် လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားတာပါ။

ဒါကြောင့် စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ အာဏာသိမ်ပြီးတစ်နှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုနဲ့နှိုင်းယှဉ်ရင် သိသိသာသာမြင့်တက်လာတယ်လို့ ထောက်ပြထားပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နိုင်ငံအလယ်ပိုင်းဒေသတွေမှာ ၂၁၆ ဦးသေဆုံးခဲ့ပြီး ဒါဟာ သေဆုံးမှုအများဆုံးဖြစ်ပါတယ်။

ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နိုင်ငံအနောက်မြောက်ပိုင်းမှာ ၂၅ ဦး၊ အရှေ့တောင်ပိုင်းမှာ ၂၁ ဦးနဲ့ အရှေ့မြောက်ပိုင်းမှာ ၁၉ ဦးသေဆုံးခဲ့တယ်လို့ အစီရင်ခံစာမှာဖော်ပြပါတယ်။

လေကြောင်းတိုက်ခိုက်ခံရမှုအများဆုံးက စစ်ကိုင်းတိုင်းဖြစ်ပြီး ၂၅၈ ကြိမ်အထိ တိုက်ခိုက်ခံခဲ့ရတယ်လို့လည်းဆိုပါတယ်။

ဒီအစီရင်ခံစာကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ စက်တင်ဘာ ၁၁ ရက်ကနေ အောက်တိုဘာ ၆ ရက်နေ့အထိကျင်းပနေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ (၅၄) ကြိမ်မြောက် အစည်းအဝေးမှာ OHCHR က တင်ပြထားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။