ရခိုင်ပြည်နယ် မင်းပြားမြို့နယ် အမ်းသားစံပြရွာကို မတ်လ ၆ ရက်နေ့ည ၁၁ နာရီခွဲခန့်မှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် စာသင်ကျောင်း အပါအဝင် လူနေအိမ်တချို့ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗုံးဒဏ်ကြောင့် မူလတန်းကျောင်းဆောင် တစ်ခုလုံးနီးပါးပျက်စီးခဲ့ပြီး နောက်ထပ်ထိခိုက်ပျက်စီးတဲ့ နေအိမ်အရေအတွက် အတိအကျကိုတော့ မသိရသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဂျက်တစ်စီးနဲ့ ည ၁၁ နာရီ မိနစ် ၄၀ လောက်မှာ ပေါင်နှစ်ရာဗုံး ၄ လုံး ကြဲချခဲ့တာ။ ရွာသားတွေ ဒဏ်ရာရ သေဆုံးရှိ၊ မရှိကိုတော့ မသိရသေးဘူး။ ဖုန်းဆက်လို့လည်း မရဘူးဖြစ်နေတယ်”
အိမ်ခြေ ၁၂၀ ဝန်းကျင်ရှိတဲ့ အမ်းသားစံပြရွာဟာ စစ်တွေ - ရန်ကုန် ကားလမ်းဘေးမှာတည်ရှိပြီး ဖေဖော်ဝါရီလ ၂၉ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့်လည်း နေအိမ် လေးလုံး ပျက်စီးခဲ့တယ်လို့ သူက ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
မင်းပြားမြို့နယ်ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရက္ခိုင့်တပ်တော် (AA) အပြီးသတ်သိမ်းပိုက်ရယူထားတဲ့ မြို့တွေအထဲက တစ်ခုဖြစ်ပါတယ်။
စစ်ကောင်စီက မင်းပြားမြို့အတွင်းနဲ့ မြို့အနီးဝန်းကျင်ကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကစပြီး လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်ပြုလုပ်နေတယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကကတော့ မင်းပြားမြို့နယ် သေကန်ရွာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့တာကြောင့် ဒေသခံ ၁၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။