လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နှစ်ပတ်အတွင်း အရပ်သား ၂၂ ဦး သေဆုံး
2023.09.17

လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စက်တင်ဘာလ ၁ ရက်ကနေ ၁၆ ရက်အထိ နှစ်ပတ်ကျော်အတွင်း အရပ်သား ၂၂ ဦး သေဆုံးခဲ့ပါတယ်။
ဒီအပြင် စစ်ကောင်စီတပ်ရဲ့ ဒီတိုက်ခိုက်မှုတွေကြောင့် ထိခိုက်ဒဏ်ရာရသူက ကိုးဆယ်ဦးအထိ ရှိခဲ့ပါတယ်။
RFA က ကောက်ယူထားတဲ့မှတ်တမ်းတွေအရ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှု တွေဟာ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူး၊ တနင်္သာရီတိုင်းတွေနဲ့ ကချင်၊ ကယား၊ ကရင်၊ မွန်နဲ့ ရှမ်းပြည်နယ်တွေမှာ ဖြစ်ပေါ်ခဲ့တာပါ။
စစ်ကောင်စီတပ်ဟာ လက်နက်ကိုင်ခုခံမှုတွေကို အရှိန်မြှင့်နှိမ်နင်းနေပြီး လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူတွေကို အဓိကထား အသုံးပြုလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ လက်နက်ကိုင်ခုခံမှုတွေကို နှိမ်နင်းတဲ့နေရာမှာ အရပ်သားတွေရဲ့ ထိခိုက်သေဆုံးမှုတွေကို ရှောင်လွှဲလို့မရသလို ဒီအတွက် စစ်ကောင်စီတပ်အပေါ် အပြစ်တင်လို့မရဘူးလို့ RFA ကိုပြောပါတယ်။
ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်ကလွဲလို့ ကျန် တိုင်းနဲ့ပြည်နယ်တွေမှာ လက်နက်ကိုင်ခုခံမှုတွေကို စစ်ကောင်စီတပ်က နှိမ်နင်းနေတာပါ။
RFA ရဲ့ စာရင်းတွေအရ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှု တွေကြောင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလ ၁၆ ရက်နေ့အထိ အရပ်သား ၄၈၄ ဦး သေဆုံးပြီး ၉၀၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။