ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒီ/ကျေးအုပ်စု၊ ဒေါငံခါးကျေးရွာဘက်မှာ မတ်လ ၁၀ ရက် ဒီနေ့ မနက်က စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ရာမှာ အိုမင်းမစွမ်း သီလရှင်ကျောင်းကို ဗုံးကျရောက် ပေါက်ကွဲပြီး ပျက်စီးသွားတယ်လို့ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (DMO – PDF) က ထုတ်ပြန်ပါတယ်။
လေကြောင်းကနေ တိုက်လေယာဉ်နဲ့ ရှစ်ကြိမ်ခန့် ဗုံးပစ်ခတ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ ကျေးရွာသားတစ်ဦးက ပြောပါတယ်။
"အခုက တိုက်ပွဲတော့ မဖြစ်ပါဘူး။ အရင်က တိုက်ပွဲကတည်းက လူတွေအားလုံးလည်း ထွက်ပြေးနေကြပြီးပြီ။ အခု ဒီမနက်အစောပိုင်းလောက်မှာ နာရီဝက်လောက်ကို လေယာဥ်နဲ့ ခုနစ်ချက်၊ ရှစ်ချက် ထင်ပါတယ်။ ဗုံးပစ်ချလိုက်တာပဲ။ ဒီးမော့ဆိုဘက်ကို ပစ်ချလိုက်တာပဲ"
ဒေသခံပြည်သူတွေကတော့ နန်းမယ်ခုံတိုက်ပွဲ စဖြစ်ကတည်းက နီးစပ်ရာ တောတောင်နဲ့ ရွာတွေဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရလို့ ထိခိုက်သေဆုံးမှု မရှိခဲ့ဘူးလို့ ပြောပါတယ်။
ဒီနေ့ တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အဆောက်အအုံ လေးလုံး ပျက်စီး သွားတယ်လို့ ဒီးမော့ဆို မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
ဒီနေ့ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်လာတာ မတွေ့ရသေး ပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။
တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ကတော့ ကယားပြည်နယ်မှာ အာဏာ သိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ တိုက်ပွဲတွေကြောင့် ဘာသာရေးအဆောက်အအုံ ၁၀ လုံး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ မတ်လ ၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံမြို့ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား မတ်လ ၇ ရက်နဲ့ ၈ ရက်နေ့တွေက သေးဆူလဲရွာနဲ့ ကုန်းသာကျေးရွာအနီး ကျောက်ဆည်ကန်တစ်ဝိုက်မှာ တိုက်ပွဲပြင်းထန်ခဲ့ကြတာပါ။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က တိုက်လေယာဉ်တွေနဲ့ နေ့စဉ် တိုက်ခိုက်နေသလို မတ်လ ၇ ရက်နဲ့ ၉ ရက်နေ့တွေကလည်း ပူဖားကျေးရွာက နေအိမ် ၃၀ နဲ့ သေးဆူလဲ ကျေးရွာက နေအိမ် ၁၀ လုံး၊ စုစုပေါင်းနေအိမ် ၄၀ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကယားပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် မေလ ၂၁ ရက်နေ့ တိုက်ပွဲ စတင်ခဲ့ချိန်ကနေ အခုအချိန် အထိ လူနေအိမ် ၆၄၉ အိမ် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့ အင်အားစု (PKPF) က ထုတ်ပြန်ထားပါတယ်။