လေကြောင်းကနေ တစ်ရက်တည်း ၁၀ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ကြောင်း KNU ပြော

2022.05.03
လေကြောင်းကနေ တစ်ရက်တည်း ၁၀ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ကြောင်း KNU ပြော KNU တပ်မဟာ ၅ နယ်မြေ မယ်ညုထာကျေးရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်သည့်အတွက် မီးလောင်ပျက်စီးသွားသည့် စပါးကျီတစ်ခုကို တွေ့ရစဉ်
Photo: KNU Mutraw News

ကရင်ပြည်နယ် ဖာပွန်ခရိုင် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ ထိန်းချုပ် နယ်မြေထဲကို စစ်ကောင်စီတပ်က မေလ ၁ ရက် တစ်ရက်တည်းမှာတင် လေကြောင်းကနေ ၁၀ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့တယ်လို့ KNU တပ်မဟာ ၅ က မေလ ၃ ရက် ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

ဖာပွန်ခရိုင်ထဲက ဒေဘုနိုရွာနဲ့ သေကာထာရွာတွေကို စစ်ကောင်စီတပ်ရဲ့ ဂျက် တိုက်လေယာဉ်တွေကနေ စက်သေနတ်တွေနဲ့ ပစ်ခတ်၊ ဗုံးကြဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ကရင်ပြည်နယ်ထဲက တိုက်ပွဲအခြေအနေတွေကို KNU ရဲ့ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက RFA ကို အခုလို ပြောပါတယ်။

"စစ်ရေးအခြေအနေကတော့ စစ်ကောင်စီဘက်က သူ ကြုံးဝါးထားသလိုပဲ မိုးမကျခင် ကတော့ ဒေသအများကြီးစိုးမိုးနိုင်ဖို့ လုံးပန်းခဲ့တာပဲ။ တိုက်ပွဲအကြီးအကျယ် ဖြစ်တာပဲ။ တစ်ဖက်ကနေ အပစ်အခတ် ရပ်စဲရေးခေါ်တယ်၊ တစ်ဖက်ကနေ ထိုးစစ်အကြီးအကျယ် ဆင်တယ်။ အဲဒီတော့ တိုက်ပွဲတွေက ဆက်တိုက်ဖြစ်နေတယ်။ ဟယ်လီကော်ပတာနဲ့ လာပစ်တာရှိသလို လေယာဥ်နဲ့ လာဗုံးကြဲတာလည်းရှိတယ်"

အဲဒီလိုတိုက်ခိုက်တာကြောင့် လူနေအိမ် အဆောက်အအုံတချို့ ပျက်စီးခဲ့ပြီး လူ အထိအခိုက်တော့ မရှိခဲ့ဘူးလို့ ထုတ်ပြန်ပါတယ်။ ဒါ့အပြင် အဲဒီဒေသတွေဆီ စစ်ကောင်စီ တပ်က ဒရုန်းယာဉ်တွေနဲ့ နေ့ရောညပါ ထောက်လှမ်းနေတယ်လို့လည်း ဆိုပါတယ်။

ဒီတိုက်ခိုက်မှုမဖြစ်ခင် ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်မှာ ဖာပွန်ခရိုင် သံလွင်မြစ်ကမ်းဘေးက ဗျူဟာအရ အရေးပါတဲ့ စစ်ကောင်စီတပ်ရဲ့ ကျောက်ညှပ် ရှေ့တန်းစခန်းကို KNU တပ်မဟာ ၅ လက်အောက်ခံတပ်တွေနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ပြီး ရက်ပိုင်းအကြာမှာ စစ်ကောင်စီတပ်ဘက်က အခုလို လေကြောင်းကနေ ပြန်လည် တိုက်ခိုက်တာတွေ လုပ်လာတာပါ။

မေလ ၁ ရက်နေ့ တစ်ရက်တည်းမှာပဲ KNU တပ်မဟာ ၁ ထိန်းချုပ်နယ်မြေ မွန်ပြည်နယ် ဘီးလင်းမြို့နယ် လေးကေရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ နှစ်ကြိမ်တိုင် လာရောက်တိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၁၀ လုံး မီးလောင်ကျွမ်းခဲ့တယ်လို့လည်း ဆိုပါတယ်။

KNU ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ RFA က သီးခြားအတည်ပြုမနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း ထုတ်ပြန်လာတာမျိုး မရှိသေးပါဘူး။

ဒီရက်ပိုင်းအတွင်းမှာလည်း KNU တပ်မဟာ ၆ နယ်မြေ မြဝတီမြို့အနီး စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA အပါအဝင် PDF ပူးပေါင်းတပ်တွေ နေ့စဉ်ဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေလို့ ဒေသခံ ၅၀၀ ခန့် ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။