ကလေးမြို့နယ်မှာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ တစ်ထောင်ကျော် ထွက်ပြေးနေရ

RFA Burmese
2025.02.10
ကလေးမြို့နယ်မှာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ တစ်ထောင်ကျော် ထွက်ပြေးနေရ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းတွင် လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် ပျက်စီးသွားခဲ့သည့် အဆောက်အအုံအချို့ကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် တွေ့ရစဉ်။
Facebook/ Kalay Township People's Administration

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက ရွာတွေကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ရွာဆယ်ရွာခန့်က လူတစ်ထောင်ကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆယ်တော်၊ ရန်ကြီးအောင်၊ ကျော်ရွာ၊ ရှားဖို၊ မှန်တော၊ ဒိုးနွယ်၊ ကျောက်ဖူး၊ တင်သား၊ ကုက္ကို၊ အရှေ့စီး၊ ကြန်သာ စတဲ့ ရွာတွေက ဒေသခံတွေ ထွက်ပြေးနေရတာပါ။

မနေ့က လေကြောင်းတိုက်ခိုက်မှုမှာ တင်သားရွာက အမျိုးသားတစ်ဦး သေဆုံးပြီး နောက်ထပ် ဒေသခံလေးဦး ဒဏ်ရာရခဲ့သလို နေအိမ်တချို့လည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လတ်တလော ထွက်ပြေးတိမ်းရှောင်နေရသူတွေအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတစ်ဦးက RFA ကို ပြောပါတယ်။

"လေကြောင်းရန်ကြောင့် ပြေးနေရသူတွေက များတယ်။ အကုန်ပြေးလာကြရတာဆိုတော့ စားဖို့သောက်ဖို့က အစ၊ အဝတ်အထည်၊ နေရာထိုင်ခင်းတွေရော လိုအပ်တယ်၊ ညပိုင်းတွေ အေးနေသေးတယ်ဆိုတော့ စောင်တွေလည်း လိုတယ်။ လေကြောင်းက မကြာမကြာ လာနေတော့ ရွာထဲကို ပြန်မဝင်ရဲဘူးဖြစ်နေတာ"

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

ဖေဖော်ဝါရီလ ၂ ရက်နေ့က ကလေးမြို့နယ်၊ တင်သားရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး နောက်ထပ် ဒေသခံတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလ ၃၁ ရက်နေ့ကလည်း ကလေးမြို့နယ်၊ ကုက္ကိုရွာမှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်တွေ အပါအဝင် ၁၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။