စစ်ကောင်စီရဲ့ ဧလာလေတပ်စခန်းကို PDF ဗုံးကြဲတိုက်ခိုက်

RFA Burmese
2023.09.17
စစ်ကောင်စီရဲ့ ဧလာလေတပ်စခန်းကို PDF ဗုံးကြဲတိုက်ခိုက် နေပြည်တော်ရှိ ဧလာလေတပ်စခန်းအား ၂ဝ၂၃ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က ကျားသံလုံးစစ်ကြောင်း ပြောက်ကျားတပ်ဖွဲ့နှင့် Lethal Prop (Shar Htoo Waw Team -1) အဖွဲ့မှ ဗုံးကြဲတိုက်ခိုက်ခဲ့စဉ်။
Screenshot/Iron Tiger Battalion

နေပြည်တော်မှာရှိတဲ့ စစ်ကောင်စီရဲ့ ဧလာလေတပ်စခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အဲဒီဒေသမှာလှုပ်ရှားနေတဲ့ PDF တပ်ဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ကျားသံလုံးစစ်ကြောင်းက စက်တင်ဘာလ ၁၇ ရက် ဒီနေ့မှာထုတ်ပြန်ပါတယ်။

စက်တင်ဘာလ ၁၅ ရက် ညနေ ၃ နာရီခွဲက တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်တွေ လုံခြုံရေးတင်းကျပ်ထားတဲ့ကြားက လေတပ်စခန်းအနီးနားထိ သွားရောက်တိုက်ခိုက်ခဲ့တာလို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဖျက်အားပြင်း မိုင်းနှစ်လုံးနဲ့ စစ်လေယာဉ်တွေထားတဲ့ Aircraft Hanger တွေပေါ် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ PDF တပ်ဖွဲ့ဘက်က ရုပ်သံမှတ်တမ်းနဲ့တကွ ထုတ်ပြန်လာတာပါ။

ကျားသံလုံးစစ်ကြောင်း ပြောက်ကျားတပ်ဖွဲ့နဲ့ Lethal Prop (Shar Htoo Waw Team -1) အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဧလာလေတပ်စခန်းက ဘာတွေထိခိုက်ပျက်စီးသွားလဲဆိုတာတော့ RFA အနေနဲ့ သီးခြားစုံစမ်းလို့မရသေးပါဘူး။ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရဆီကို ဖုန်းဆက်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရကတော့ PDF တပ်ဖွဲ့တွေအားလုံး နေပြည်တော်ကို အဓိကပစ်မှတ်ထားတိုက်ခိုက်ကြမယ့် "လမ်းများအားလုံး နေပြည်တော်သို့" ဆိုတဲ့ စစ်ရေးစီမံချက်ကို ဒီနှစ်အတွင်း အကောင်အထည်ဖော်မယ်လို့ ပြောဆိုထားပါတယ်။

အဲဒီနောက်ပိုင်း PDF တွေဘက်က နေပြည်တော်တွင်း ပြောက်ကျားလှုပ်ရှားတာတွေရှိလာနေပြီး ပြီးခဲ့တဲ့ ဩဂုတ်လတုန်းကလည်း နေပြည်တော်၊ ပျဉ်းမနားမြို့က စစ်ကောင်စီရဲ့ ဘို့မသံတောင်စခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်တဲ့အထိ ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။