စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ပျဉ်းကိုင်းရွာကို စစ်ကောင်စီတပ်က ဇွန်လ ၆ ရက် မနက်အစောပိုင်းမှာ တိုက်လေယာဉ်နဲ့ ထပ်မံ ဗုံးကြဲခဲ့လို့ လူသုံးထောင်ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနက် ၃ နာရီ ၄၀ မိနစ်ဝန်းကျင်မှာ တိုက်လေယာဉ်နဲ့ သုံးကြိမ်ထိ လာရောက်ပြီး ဗုံးကိုးလုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ပျဉ်းကိုင်းရွာ တောင်ကုန်းအနီး ပြည်သူ့ကာကွယ်ရေးတပ် (PDF) စစ်ဆေးရေးဂိတ်၊ ထွန်းလက်ဖက်ရည်ဆိုင်၊ ရွာဦးစေတီနဲ့ ဇရပ်အနီး ဗုံးသီးတွေ ကျရောက် ပေါက်ကွဲခဲ့တာပါ။
ဇွန်လ ၄ ရက်ကလည်း ပျဉ်းကိုင်းရွာကို လေကြောင်းကတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားသုံးဦး ဒဏ်ရာရခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုအပြီး ဒေသခံတွေထွက်ပြေးတိမ်းရှောင်တာ မရှိခဲ့ပါဘူး။
ဒီမနက်တိုက်ခိုက်မှုမှာတော့ လူသေဆုံးမှုမရှိပေမယ့် ပျဉ်းကိုင်းရွာအပါအဝင် အနီးပတ်ဝန်းကျင်က အရပ်သား သုံးထောင်ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ဂျက်ဖိုက်တာနဲ့ သုံးခေါက်လာတယ်။ တစ်ခေါက်ကို သုံးလုံး ကြဲချသွားတာ။ ဗုံးထိလို့ စေတီကတော့ လုံးဝပြိုသွားတယ်။ အိမ်တစ်လုံးနဲ့ ဇရပ်ရော။ သေဆုံးထိခိုက်တော့ မကြားမိသေးဘူး။ ရွာထဲ လူအကုန် အခုကြောက်ပြီး နီးစပ်ရာတောတွေထဲ ထွက်ပြေးနေကြပြီ"
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိပါဘူး။
ဇွန်လ ၃ ရက်နေ့ မနက်ပိုင်းကလည်း ပျဉ်းကိုင်းရွာနဲ့ ဆယ်မိုင်ခန့်အကွာရှိ မတောရွာက မင်္ဂလာဆောင်တစ်ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ် ငါးဦးအပါအဝင် လူ ၂၉ ဦး သေဆုံးခဲ့ပြီး ၆၆ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတောရွာနဲ့ အနီးတစ်ဝိုက်ရွာတွေက ဒေသခံနှစ်ထောင်ကျော်လည်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးရန်ကြောင့် ဇွန်လ ၆ ရက်အထိ နေရပ်မပြန်ရဲဘဲ တိမ်းရှောင်နေရပါတယ်။