ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီကမ်းခြေအနီးက ဆင်ခေါင်းရွာကို စစ်ကောင်စီတပ်က ဇွန် ၄ ရက်နဲ့ ၅ ရက် နှစ်ရက်တာ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံနှစ်ဦး သေဆုံးပြီး၊ ငါးဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ဒီပစ်ခတ်မှုကြောင့် ဒေသခံတွေ သေဆုံး၊ ဒဏ်ရာရတာအပြင် ကျေးရွာစာသင်ကျောင်းနဲ့ နေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“လောလောဆယ် အတည်ပြုနိုင်တာက မိန်းကလေးနှစ်ယောက် သေသွားတယ်။ ဒဏ်ရာရသူကလည်း ငါးယောက်ထက်မနည်းရှိတယ်။ ဆင်ခေါင်းရွာက တိုက်ပွဲဖြစ်တဲ့နေရာနဲ့ ဝေးပါတယ်။ စစ်တပ်က ရွာထဲကို ရည်ရွယ်ချက်ရှိရှိကိုပစ်တာ။ စစ်ရေယာဉ်ကလည်းပစ်တယ်။ ဂျက်လေယာဉ်နဲ့ ဗုံးကြဲတယ်။ စာသင်ကျောင်းနဲ့ အိမ်တွေလည်း အများကြီးပျက်စီးသွားတယ်”
ဆင်းခေါင်းရွာက ရွာသားတွေကတော့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး ဖုန်းလိုင်း ဆက်သွယ်ရေးခက်ခဲတာကြောင့် အသေးစိတ်အခြေအနေကို မသိရသေးဘူးလို့ ဆိုပါတယ်။
သံတွဲခရိုင်၊ ငပလီမြို့၊ ဂေါ့ရွာ၊ ခရမ်းမော်လမ်းကွဲနဲ့ ဇီးကုန်းရွာအနီးက နေရာသုံးခုမှာ ဇွန်လ ၂ ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
သံတွဲမြို့နယ်မှာ ဧပြီလ ၂၂ ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်လည်း ပြီးခဲ့တဲ့ မေလတစ်လအတွင်းမှာ အရပ်သား ၂၃ ဦးသေဆုံးပြီး ငါးဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။