ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ လွယ်ကျိုင်းနဲ့ ဆောင်းလှ ကျေးရွာတွေကို စစ်ကောင်စီက ဇွန်လ ၁၉ ရက် မနက်ပိုင်းမှာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ရဟန်းတစ်ပါး အပါအဝင် လေးဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လွယ်ကျိုင်းရွာ ဗုံးကြဲတိုက်ခိုက်မှုမှာ ကျောင်းထိုင်ဆရာတော် အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“လွယ်ကျိုင်းရွာမှာက ဆရာတော် ထိသွားတယ်။ ဒဏ်ရာ အတော်ပြင်းထန်လို့ စိုးရိမ်ရတယ်။ အဲဒီနားက ရွာတွေလည်း ဗုံးကြဲခံရတာ ရှိတယ်”
ဆောင်းလှရွာ ဗုံးကြဲတိုက်ခိုက်မှုမှာလည်း ကလေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီးအချို့ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း၊ ဖယ်ခုံ၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
RFA ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ်၊ မေလကုန်အထိ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် စုစုပေါင်း အရပ်သား ၁၉၄၂ ဦး သေဆုံးခဲ့ပါတယ်။ နောက်ထပ် အရပ်သား ၃၈၆၆ ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။