Updated 1:53 PM Jun 5, 2024
မကွေတိုင်း မြိုင်မြို့နယ် ကံမြင့်ကုန်းရွာကို ဇွန်လ ၄ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးနှစ်ဦးအပါအဝင် ငါးဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဂျက်တိုက်လေယာဥ်ပေါ်ကနေ ပေါင် ငါးရာဗုံး နှစ်လုံးကြဲချခဲ့တာမှာ တစ်လုံးက နေအိမ်တစ်ခုပေါ် ကျရောက်ပေါက်ကွဲပြီး အသက် ၆ နှစ်အရွယ် ယောက်ျားလေးတစ်ဦး၊ အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသမီးနှစ်ဦးနဲ့ အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့တာလို့ ဆိုပါတယ်။
ဇွန်လ ၅ ရက် ဒီနေ့မနက်မှာတော့ ဒဏ်ရာထားတဲ့ ၁၄ နှစ်အရွယ် ကလေးတစ်ဦး ထပ်မံသေဆုံးခဲ့တာကြောင့် သေဆုံးသူ ငါးဦးအထိရှိလာတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မနေ့က ပွဲချင်းပြီးသေတာ လေးယောက်ဗျ။ ဒီနေ့ တစ်ယောက် ထပ်သေဆုံးသွားတယ်။ ဒဏ်ရာရသူတွေထဲက ရှစ်တန်းအရွယ် ကလေးတစ်ဦး ထပ်သေဆုံးခဲ့တယ်။ စုစုပေါင်း ငါးယောက်ရှိသွားပြီဗျ”
ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်တချို့လည်း ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီလေကြောင်းတိုက်ခိုက်မှုမတိုင်ခင် ကံမြင့်ကုန်းရွာအနီးက ကန်တော်ရွာဘက်မှာ အင်အား ၁၅၀ ခန့်ပါတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေ နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်မှုတွေရှိခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဘက်က ပြောပါတယ်။
အဲဒီနောက် အရပ်သားတွေရှိရာ နေရာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တာလို့လည်း ဆိုပါတယ်။
မနေ့က တစ်ရက်တည်းမှာပဲ မကွေးတိုင်း ပေါက်မြို့နယ်၊ ခင်ရှည် (တောင်) ရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့လို့ ကျေးလက်ဆေးပေးခန်း အဆောင်နှစ်ခုနဲ့ နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ပေါက်ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
RFA က ပြုစုထားတဲ့စာရင်းအရ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီကနေ မေလအထိ ငါးလအတွင်းမှာ သေဆုံးသူ ၆၆၂ ဦးရှိခဲ့ပြီး ဒဏ်ရာရသူက ၁၄၉၂ ဦးအထိ ရှိခဲ့ပါတယ်။
(မှတ်ချက် - ဇွန်လ ၅ ရက်နေ့မှာ ကလေးတစ်ဦး ထပ်မံသေဆုံးကြောင်း ဒေသခံရဲ့ပြောဆိုချက်ကို ထပ်မံဖြည့်စွက်ရေးသားထားပါသည်။)