ဘုတလင်မှာ လေကြောင်းနဲ့ဗုံးကြဲလို့ ဇနီးမောင်နှံနှစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ညောင်ကုန်းရွာအနီးကို စစ်ကောင်စီတပ်က ဇွန် ၁၃ ရက်နေ့ ညပိုင်းမှာ ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဇနီးမောင်နှံနှစ်ဦး သေဆုံးပြီး နောက်ထပ်သုံးဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူတွေက အသက် ၅၀ အရွယ် ဦးမင်းငြိမ်းနဲ့ သူရဲ့ဇနီးဖြစ်သူ အသက် ၅၂ နှစ်အရွယ် ဒေါ်စန်းစန်းဌေးတို့ဖြစ်ပြီး တိုက်ပွဲဖြစ်တာမရှိဘဲ ဂျက်တိုက်လေယာဥ်နဲ့ ပေါင် နှစ်ရာဗုံးနှစ်လုံး ကြဲချတာခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ညနေပိုင်းမှာ ရွာပေါ်ကို စစ်တပ်ရဲ့ဒရုန်း ဝဲတယ်။ အဲဒါနဲ့ ရွာတွေကနေ ထွက်ပြေးတဲ့အချိန် ဂျက်ဖိုက်တာ ရောက်လာပြီး ဗုံးကြဲတာပေါ့နော်။ အဲဒါ လမ်းရဲ့ ၁၅ ပေလောက်အကွာမှာ ဗုံးကျတယ်။ အမျိုးသားကဆိုရင် ဦးခေါင်းတောင် ပြန်ရှာမတွေ့တော့ဘူး”

သေဆုံးသူ ဇနီးမောင်နှံမှာ သားသုံးဦးနဲ့ သမီးတစ်ဦး ကျန်ရစ်တယ်လို့ သူက ပြောပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ပြီးခဲ့တဲ့မတ်လ ၂၀ ရက်နေ့ကလည်း ဘုတလင်မြို့နယ် ဝက်လူးအိုင်ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အသက် ၇၅ နှစ်အရွယ် အဖွားတစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

RFA ရဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ် မေလကုန်အထိ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် စုစုပေါင်း အရပ်သား ၁၉၄၂ ဦး သေဆုံးပြီး ၃၈၆၆ ဦး ဒဏ်ရာရခဲ့ပါတယ်။