ခိုင်မျိုးထွန်းကို လွှတ်ပေးဖို့ ALP တောင်းဆို


2016.07.28
alp-khaingmyotun-620.jpg ALP ဗဟိုကော်မတီဝင် ဦးခိုင်မျိုးထွန်း ကို စစ်တွေမြို့နယ် တရားရုံးကို ဇူလိုင်လ ၂၈ ရက်နေ့က ရုံးထုတ်လာစဉ်
Photo: Min Thein Aung/RFA

အစိုးရက ဖမ်းဆီးတရားစွဲဆိုထားတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ရဲ့ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ခိုင်မျိုးထွန်း ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ALP ပါတီက မနေ့က ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပြီး တောင်းဆို လိုက်ပါတယ်။

အစိုးရအနေနဲ့ ပါတီတာဝန်ရှိသူတွေကို အသိမပေးဘဲ အခုလိုမျိုး ဖမ်းဆီးတရားစွဲဆိုလိုက်တာဟာ နှစ်ဖက် ယုံကြည်မှုကို ပျက်ပြားစေတယ်လို့ ပါတီရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်အောင်ဇံဖြူ က ပြောပါတယ်။

"ကျနော်တို့ ALP ရဲ့ ဗဟိုကော်မတီဝင် ခိုင်မျိုးထွန်း ကို ဖမ်းဆီးသွားတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ALP က အမြန်ဆုံးပြန်လွှတ်ပေးဖို့အတွက် တောင်းဆိုတာဖြစ်ပါတယ်၊ ALP က ဗဟိုကော်မတီဝင်တစ်ယောက်ကို အစိုးရက အပေါ်ကလူတွေကို အသိမပေးဘဲနဲ့ ဒီလိုဖမ်းဆီးသွားတာကျတော့ တဘက်နဲ့တဘက် ယုံကြည်မှုကို ထိခိုက်တာပေါ့"

ALP ပါတီက ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့က ထုတ်ခဲ့တဲ့ ကြေငြာချက်နဲ့ပတ်သက်ပြီး ပါတီရဲ့ ဗဟိုကော်မတီဝင် ခိုင်မျိုးထွန်း ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့က အစိုးရကဖမ်းဆီးလိုက်တာပါ။

အဲ့ဒီ ကြေညာချက်မှာ ရက္ခိုင့်တပ်မတော်AA နဲ့ မြန်မာ့တပ်မတော်တို့ ဖြစ်ပွားခဲတဲ့ တိုက်ပွဲတွေအတွင်း မြန်မာ့ တပ်မတော်ဘက်က အပြစ်မဲ့ပြည်သူတွေကို ပေါ်တာဆွဲတာတွေ၊ ရွာသူရွာသားတွေကို ကျေးရွာအတွင်းကနေ နှင် ထုတ်တာတွေ၊ ပြည်သူတွေကို စစ်မြေပြင်ကိုခေါ်ဆောင်ပြီး စစ်သုံ့ပန်းတွေလို ရိုက်နှက်ညှဉ်းပမ်းနှိပ်စက်တာတွေကို ရပ်တန့်ပေးဖို့ဆိုပြီး ပါရှိပါတယ်။

ကြေညာချက်မှာပါတဲ့အတိုင်း သက်သေအထောက်အထားတွေကို ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်း ကို တင်ပြခဲ့ပေမယ့် တပ်မတော်ရဲ့ ဂုဏ်သိက္ခာညှိုးနွမ်းစေတယ်ဆိုပြီး မြန်မာ့တပ်မတော်ဘက် က အမှုဖွင့်ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့လည်း ALP ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်အောင်ဇံဖြူကပြောပါ တယ်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက အစိုးရနဲ့ နှစ်ဘက်ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA မှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။