ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိဖို့ NCA စာချုပ်ချုပ်ဆိုတာလို့ ALP ပြော


2015-10-24
Share
alp-nca-press-620.jpg ရန်ကုန်တိုင်း ဗဟန်းမြို့နယ်က ယုဇနဂါးဒင်းဟိုတယ်မှာ အောက်တိုဘာလ ၂၄ ရက်နေ့က ALP ရခိုင်ပြည် လွတ်မြောက်ရေးပါတီ သတင်းစာရှင်းလင်းစဉ်
Photo:Moe Kalayar Oo/RFA

တိုင်းရင်းသားတွေဟာ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိဖို့အတွက် အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေးစာချုပ်ကို ချုပ်ဆိုကြ တာဖြစ်တယ်လို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က ဒုတိယဥက္ကဌ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။

ဒီနေ့ ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွှေဂုံတိုင်က ယုဇနဂါးဒင်းဟိုတယ်မှာ ALP က အပစ်ခတ်ရပ်စဲရေးသဘောတူ စာချုပ်မှာ လက်မှတ်ရေးထိုးရတဲ့ရည်ရွယ်ချက်ကို ရခိုင်အဖွဲ့အစည်းတွေထံ ရှင်းပြရာမှာ ဒေါ်စောမြရာဇာလင်း က ပြောတာဖြစ်ပါတယ်။

"တိုင်းရင်းသားပေါင်စုံဟာ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ရောက်ရှိလာဖို့ရန်အတွက် ဒီစာချုပ်ကိုချုပ်ရမယ်၊ ဒါစာချုပ်ကို ချုပ်မယ်ဆိုလို့ရှိရင် တစ်ဘက်သတ်သဘောအတိုင်း ချုပ်လို့မရဘူး၊ နှစ်ဘက်စလုံးက သဘောတူမှရမယ်ဆိုပြီး ဒီဘက်က တိုင်းရင်းသားခေါင်းဆောင်တွေက တစ်ဘက်၊ ဒီဘက်က စစ်အစိုးရကနေပြောင်းလာတဲ့ ဦးသိန်းစိန် အစိုးရက တာဝန်ပေးထားတဲ့လူတွေက တစ်ဘက်နဲ့ ကျမတို့ ဒီစာချုပ်ကို ဆွေးနွေးလာခဲ့တာဖြစ်ပါတယ်"

ရခိုင်ပြည်နယ်က ထွက်ရှိတဲ့ သဘာဝသယံဇာတတွေကို ရခိုင်ပြည်သူတွေ အကျိုးခံစားခွင့်ရရှိဖို့ အစိုးရနဲ့ ဆွေးနွေး ထားတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ပါဝင်လက်မှတ်ရေးထိုးနိုင်ခြင်းမရှိသေးတဲ့ ရခိုင်လက်နက်ကိုင် အဖွဲ့တွေလည်း ပါဝင်လာနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

ALP ကို လွန်ခဲ့တဲ့ ၁၉၆၇ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော်ကြာရပ်တည်ခဲ့တာ ဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA၊ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် DKBA၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ PNLO၊ ချင်းအမျိုးသားတပ်ဦး CNF၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA စတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖဲ့ွ ၈ဖွဲ့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ရက်နေ့က နေပြည်တော်မှာ အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုခဲ့တာဖြစ် ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့