လွတ်ငြိမ်းချမ်းသာခွင့် အမိန့် အဖွဲ့အစည်း အသီးသီး ရှုတ်ချ
2012.01.04
ဒီကနေ့ လူဘောင်သစ်ပါတီက အစိုးရရဲ့ကြေညာချက်ကို ဗြောင်လိမ် ဗြောင်စား လွတ်ငြိမ်းချမ်းသာခွင့်လို့ အမည်ပေးထားပြီး အစိုးရဟာ ဘက်ပေါင်းစုံက ကျရောက်နေတဲ့ ဖိအားတွေကို ကျော်လွန်နိုင်ဖို့ ကတိ အမျိုးမျိုးပေးပြီး လက်တွေ့မှာ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးချင်တဲ့စိတ် လုံးဝမရှိကြောင်း ၃ ကြိမ်တိုင်တိုင် အတိအလင်း ဖေါ်ပြနေတာ ဖြစ်တယ်လို့ ရေးထားပါတယ်။
အလားတူ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ကလည်း လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဟာ အနှစ်သာရမဲ့တဲ့ ပြစ်ဒဏ် လျှော့ပေးခြင်း အဖြစ်သာ ရှုမြင်တယ်လို့ ထုတ်ပြန် ကြေညာပါတယ်။
ဒါ့အပြင် ရန်ကုန်မြို့က နိုင်ငံရေးအကျဉ်းသား မိသားစုများ ကွန်ရက်ရဲ့ မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ အစိုးရဟာ အတိုက်အခံ ပါတီ အင်န်အယ်လ်ဒီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်ထဲ အရသွင်းဖို့ စီစဉ်လိမ်လည်နေတာ ဖြစ်တဲ့အတွက် တိုင်းပြည်ရဲ့ အနာဂတ် အရေးကို ထိခိုက်တယ်လို့ ဆိုပါတယ်။
တစ်ဆက်တည်း မနေ့က ညနေပိုင်းမှာ ထုတ်ပြန်တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ရဲ့ ကြေညာချက်မှာလည်း အစိုးရ အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ အပေါ်မှာ သံသယစိတ်တွေ များနေမယ်ဆိုရင် တိုင်းပြည် ဖွံံ့ဖြိုးရေးကို ထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သမ္မတရဲ့ ကြေညာချက်ဟာ လွှတ်တော်ဥက္ကဋ္ဌရဲ့ သဘောထားနဲ့ ကွဲလွဲနေကြောင်း ထောက်ပြ ဝေဖန်ထားပါတယ်။
သမ္မတဦးသိန်းစိန် ဇန္နဝါရီလ (၂) ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ လွတ်ငြိမ်း ချမ်းသာခွင့်ဟာ တကယ်တော့ လွတ်ငြိမ်း ချမ်းသာ လို့တောင် မခေါ်နိုင်ဘူးလို့ သတင်းစာဆရာ စာရေးဆရာ မောင်ဝံသက ဝေဖန်လိုက်ပြီး နောက်ထပ် နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွတ်လာဖို့ ဆက်လက် မျှော်လင့်နေကြောင်း ပြောပါတယ်။
နိုင်ငံကျော်လူရွှင်တော် ကိုဇာဂနာကလည်း အစိုးရပိုင်းဆိုင်ရာ ပုဂ္ဂိုလ်တွေက နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွတ်တော့မယ် ဆိုပြီး အကြိမ်ကြိမ် ပြောဆိုခဲ့ကြပေမယ့် အခု အချိန်မှာ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွတ် မလာသေးတာကို ကြည့်ရင် သမ္မတက ကတိမတည်ဘူးလို့ ဝေဖန် ပြစ်တင်လိုက်ပါတယ်။
ဒါပေမယ့် သမ္မတရဲ့ နိုင်ငံရေး အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးကိုကိုလှိုင်ကတော့ နိုင်ငံရေး အကျဉ်းသားတွေ ထပ်မံ လွတ်မြောက်လာမယ်လို့ ယုံကြည်ကြောင်း ပြည်တွင်း နိုင်ငံရေး ပွင့်လင်းလာတာနဲ့ အမျှ အကျဉ်းထောင်ထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ဆက်မရှိသင့်တော့ဘူးလို့ ယူဆကြောင်း ပြောပါတယ်။ ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |