လွတ်ငြိမ်းချမ်းသာခွင့် အမိန့် ပြည်တွင်း ပြည်ပ ရှုတ်ချ

ဦးသိန်းစိန်အစိုးရ မနေ့က ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဟာ နိုင်ငံရေး အကျဉ်းသား ၂၂၀၀ ကျော်ကို လွှတ်ပေးဖို့ ပြည်တွင်း ပြည်ပက အစဉ်တစိုက် တောင်းဆိုနေတာကို လုံး၀ ဥပေက္ခာပြုတဲ့ လုပ်ရပ် အဖြစ် အထင်အရှား သက်သေပြလိုက်တာ ဖြစ်တယ်လို့ မြန်မာ့အရေး ကြိုးပမ်းနေတဲ့ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းတွေက အလျင်အမြန် ပြစ်တင် ရှုတ်ချလိုက်ကြပါတယ်။

2011.05.17
prisoner_family_waiting_305_z.jpg အကျဉ်းသားများ၏ မိသားစုဝင်တဦး မေလ ၁၇ ရက်နေ့က ရန်ကုန်မြို့ အင်းစိန်ထောင်ရှေ့တွင် စောင့်နေပုံ ဖြစ်ပါသည်။ အကျဉ်းသားအားလုံးကို ထောင်ဒဏ်တနှစ်စီ လျှော့ပေါ့ပေးပြီး အင်္ဂါနေ့မှစပြီး အကျဉ်းသား ၁၇ ၀၀၀ ကို စတင် လွှတ်ပေးနေကြောင်း ဦးသိန်စိန် အစိုးရက ကြေငြာခဲ့ပြီး သော်လည်း နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော် အကျဉ်းထောင်တွင်း ကျန်ရှိနေသေးသည့်အပေါ် ပြည်တွင်းပြည်ပ အဖွဲအစည်းများက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ကြသည်။ ဓါတ်ပုံ (AFP)
AFP

၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးကို ဦးဆောင်ခဲ့တဲ့ မြန်မာ နိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစု အဖွဲ့ကြီးရဲ့ လက်ရှိ ပြောခွင့်ရ ဆရာတော် ဦးဓမ္မသီရိက-

"နိုင်ငံရေး အကျဉ်းသားတွေကို အရင်လိုဘဲ တယောက်စ နှစ်ယောက်စ လွှတ်ပေးမယ်ဆိုရင် ဦးဇင်းတို့ကတော့ ပြင်းပြင်းထန်ထန်ကို ရှုတ်ချမယ်။ ဒီမိုကရေစီ ရရှိရေး တိုက်ပွဲကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ဖို့အတွက် ပြင်ဆင်ရလိမ့်မယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဦးဇင်းတို့ဖက်က အနှစ် ၂၀ ကျော် တောင်းဆိုလာခဲ့ပြီးပြီ။ ဘာတခုမှ ရမလာဘူး။ ဒီတခါလည်းဘဲ ဒီလို စစ်အာဏာရှင် ပုံစံနဲ့ဘဲ လုပ်နေမယ်ဆိုရင် ဒီမိုကရေစီ ရရှိရေး အတွက် ဦးဇင်းတို့က ပုံစံသစ် နည်းသစ်တွေနဲ့ ပြင်ဆင်ရလိမ့်မယ်လို့ ဦးဇင်းပြောချင်တယ်။"

NCGUB ပြည်ထောင်စု မြန်မာနိုင်ငံ အဝေးရောက် အမျိုးသား ညွန့်ပေါင်း အစိုးရ ဝန်ကြီးချုပ် ဒေါက်တာ ဦးစိန်ဝင်းက ဦးသိန်းစိန် အစိုးရရဲ့ အခု လုပ်ရပ်ဟာ တွေ့ဆုံ ဆွေးနွေးရေးကို တံခါးပိတ်လိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

"အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ကျောခိုင်းတာဘဲ။ ဘာဖြစ်လို့လည်း ဆိုတော့ နိုင်ငံရေးအကျဉ်းသားတွေ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူတွေမှာ ဘာအပစ်မှ မရှိဘူး။ ဒါကို အခုလို မတရား ပစ်ဒဏ်ပေးထားတာကို လွှတ်ကို လွှတ်ရမှာ။

တနှစ်လျှော့တာတို့ ဘာတို့ ကျတော်တို့ လုံး၀ လက်မခံဘူး။

ဒါကို ပြသခြင်းအားဖြင့် သူတို့ ဘယ်လိုဘဲ ချိုချိုသာသာ ပြောနေနေ သူတို့ရဲ့ တကယ့် ရုပ်သဏ္ဌာန်ကို ပြနေတာဘဲ။ "

အခု ထုတ်ပြန်လိုက်တဲ့ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်အရ သေဒဏ် ချမှတ်ခံထားရသူတွေဟာ ထောင်ဒဏ် တသက်ကို ပြောင်းလဲကျခံရမှာ ဖြစ်ပြီး၊ ထောင်ဒဏ် ကျခံနေရသူတွေ အနေနဲ့ ပုံမှန်ရရှိတဲ့ လျှော့ရက်အပြင် ပြစ်ဒဏ် တနှစ် လျှော့ပေါ့ခွင့် ရရှိမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ လွတ်လပ်ရေး ရရှိပြီးချိန်က စလို့ အစိုးရ အဆက်ဆက် ထုတ်ပြန်ခဲ့တဲ့ လွတ်ငြိမ်း ချမ်းသာခွင့်တွေ အရ နိုင်ငံရေး အကျဉ်းသား အားလုံး နီးပါး လွှတ်ပေးတဲ့ အစဉ်အလာတွေ ရှိခဲ့ဖူးပါတယ်။

မနေ့က ထုတ်ပြန်လိုက်တဲ့ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့် အရ အရက်မှု၊ ဖဲမှု၊ နှစ်လုံး ချဲထီမှု၊ ရာဇဝတ်မှုနဲ့ နှစ်တို ထောင်ကျခံရသူတွေ အများစု လွတ်မြောက်ဖွယ် ရှိပြီး၊ နိုင်ငံရေး အကျဉ်းသားတွေ ကတော့ မဆိုစလောက် အနည်းအကျဉ်းဘဲ ပါဝင်နိုင်တယ်လို့ ရန်ကုန်မြို့က ဥပဒေ ပညာရှင် ဦးအောင်သိန်းက ပြောပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေးနဲ့ ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ မနေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခွင့်ရပုဂ္ဂိုလ် Mark Toner က- မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ချွင်းချက်မထားဘဲ အမြန်ဆုံး လွှတ်ပေးဖို့ အမေရိကန် အစိုးရအနေနဲ့ ထပ်မံတောင်းဆိုလိုက်ကြောင်း ပြောပါတယ်။

ဒီအတောအတွင်း သမ္မတ ဦးသိန်းစိန် အစိုးရ ထုတ်ပြန်လိုက်တဲ့ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်ကို မြန်မာ့ အရေး ဆောင်ရွက်နေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ ကလည်း ကြေညာချက်တွေ ထုတ်ပြန်ပြီး ပြင်းပြင်း ထန်ထန် ဆန့်ကျင် ရှုပ်ချ လိုက်ကြပါတယ်။

အမေရိကန် အခြေစိုက် USCB မြန်မာ့အရေး ဆောင်ရွက်မှုအဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးအောင်ဒင်က ဦးသိန်းစိန် အစိုးရရဲ့ အခုလုပ်ရပ်ဟာ ယခင် စစ်အစိုးရလမ်းစဉ် အတိုင်း နိုင်ငံကို ဆက်လက် အုပ်ချုပ်သွားမယ် ဆိုတဲ့ ဇာတိရုပ် အမှန်ကို ဖော်ပြလိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

အလားတူ နယူးယောက်မြို့ အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က အကျဉ်းသားတွေကို ထောင်ဒဏ် တနှစ်လျှော့ပေးဖို့ ဆုံးဖြတ်လိုက်တဲ့ မြန်မာအစိုးရရဲ့ လုပ်ရပ်ဟာ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ဖို့ ပြီးခဲ့တဲ့ရက်ပိုင်း အတွင်း တောင်းဆိုခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာ နမ်ဘီးယာကို ပျက်ရယ်ပြု စော်ကားလိုက်တာဘဲလို့ ကြေညာချက် ထုတ်ပြန်ပါတယ်။

ဒီအတောအတွင်း ဗြိတိန်နိုင်ငံ အခြေစိုက် Burma Campaign-UK အဖွဲ့ကလည်း နိုင်ငံရေး အကျဉ်းသား အမြောက်အများ လွှတ်မပေးတဲ့ လုပ်ရပ်ဟာ ဦးသိန်းစိန်ဟာ ဦးသန်းရွှေထက် ပိုဆိုးနေသလားဆိုပြီး မနေ့က ကြေညာချက် ထုတ်ပြန် ပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ပတ်သက်လို့ ရန်ကုန်မြို့က ဥပဒေပညာရှင် ရှေ့နေကြီး ဦးအောင်သိန်းကို RFA အဖွဲ့သားကိုကျော်ကျော်အောင် ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ ပတ်သက်လို့ မြန်မာ့ အရေး ဆောင်ရွက်နေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အမြင်တွေကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-05-17 02:04

R u sure U Zin?