အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေ ပြောင်းလဲမှု ဝေဖန်ခံနေရ
2020.08.24
၂၀၂၀ ရွေးကောက်ပွဲရဲ့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေတချို့ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြင်ဆင်သတ်မှတ်ထားပါတယ်။ လူသိရှင်ကြား ကြေညာခဲ့ခြင်းမရှိတဲ့ ဒီပြောင်းလဲသတ်မှတ်မှုဟာ လက်ရှိ အာဏာရပါတီကို မျက်နှာသာပေးသလို ဖြစ်နေတယ်လို့ ပြောဆိုနေကြပါတယ်။
မဲဆန္ဒနယ်မြေ ပြောင်းလဲသတ်မှတ်မှုဟာ ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်ဖြစ်ပေမယ့် အများပြည်သူကို အသိပေးကြေညာ ဖို့ ပျက်ကွက်ခဲ့တယ်လို့ ဝေဖန်နေကြပါတယ်။
နိုဝင်ဘာ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲ ကျင်းပမယ့် မဲဆန္ဒနယ်တွေကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြီးခဲ့တဲ့ဇွန်လ ၂၉ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၃၀ နေရာ၊ အမျိူးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၈ နေရာ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၆၄၄ နဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉ ခုပါဝင်ပါတယ်။
အဲဒီလိုထုတ်ပြန်ရာမှာ အရင် ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲတွေနဲ့ မတူဘဲ မဲဆန္ဒနယ် အပြောင်းအလဲ လုပ်ထားတဲ့ နေရာတချို့ ရှိနေပါတယ်။
ပြည်သူ့လွှတ်တော်နဲ့ တိုင်းဒေသကြီး၊ ပြည်နယ် မဲဆန္ဒနယ် သတ်မှတ်တာတွေမှာ အပြောင်းအလဲ မရှိပေမယ့် အမျိုးသားလွှတ်တော်မှာတော့ ပြောင်းလဲမှုတချို့ရှိပါတယ်။
ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ဒီအပြောင်းအလဲဟာ နိုင်ငံရေးပါတီတွေအတွက် အရေးကြီးတယ်လို့ ပြောပါတယ်။
“ကျနော်တို့တောင် မသိလိုက်ဘူး ဒီကိစ္စကို။ နောက်မှ သူများတွေ ဟိုပြော ဒီပြော ပြောမှ သိတာ၊ ဖာပွန်ကနေ မြဝတီ ပြောင်းလိုက်တာကို၊ အဲဒါအပြင် ကျေးရွာတွေမှာ အရင်တုန်းက မဲပေးခွင့်မရဘဲနဲ့ အခုမှ မဲပေးခွင့် ရတယ် ဆိုတာလည်း ကျနော်တို့ ဘာမှမသိလိုက်ရဘူး မသိလိုက်ရပဲနဲ့ သူ့ဟာသူ အသိအမှတ်ပြုပြီး ဖြစ်လာ တဲ့ဟာတွေလည်း မဖြစ်သင့်ဘူးပေါ့၊ ကျနော်တို့ ပါတီတွေကိုရော သက်ဆိုင်ရာ အဖွဲ့အစည်းတွေကိုရော အသိပေးဖို့သင့်တယ်”
လွှတ်တော်ရေးရာ စောင့်ကြည့်တဲ့ ရန်ကုန်အခြေစိုက် ပွင့်လင်းမြန်မာ့ရှေ့ဆောင် OMI က ဦးအေးကျော်က ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဝေဖန်ခံရမှုတွေနည်းအောင် အပြောင်းအလဲနဲ့ ပတ်သက်ပြီး ပိုမိုပွင့်လင်း မြင်သာမှုရှိရှိ လုပ်ကိုင်သင့်တယ်လို့ တိုက်တွန်းပါတယ်။
“ကော်မရှင်က မဲဆန္ဒနယ်တွေ သတ်မှတ်ခွင့် သူ့မှာရှိနေတယ်၊ အဲလိုသတ်မှတ်တဲ့အခါမှာ ကျနော်တို့ဖြင့် ဘယ်လိုမူနဲ့ ဒီလိုမျိုးမဲဆန္ဒနယ်တွေ သတ်မှတ်ပါတယ်ဆိုတာကို လုပ်ထုံးလုပ်နည်းတွေကို အများပြည်သူကို ထုတ်ပြန်တာမျိုးရှိရင်တော့ကောင်းမယ်”
လက်ရှိဥပဒေတွေအရ တိုင်း၊ ပြည်နယ် တစ်ခုစီမှာ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၂ ခုစီအတွက် လူဦးရေကို အချိုးကျ ခွဲခြမ်းပြီး သတ်မှတ်တာပါ။ ကရင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်က မဲဆန္ဒနယ်တချို့မှာ အပြောင်းအလဲ ရှိနေပါတယ်။
ကရင်ပြည်နယ်မှာဆိုရင် ၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ အမျိုးသားလွှတ်တော် ၂ နေရာရတဲ့ ဖာပွန်မြို့ နယ်ဟာ တပ်မတော် တပ်ရင်းတပ်ဖွဲ့တွေများသလို ဝန်ထမ်းတွေ အများစုရှိပြီး ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီကပဲ အနိုင်ရခဲ့တဲ့နေရာတွေပါ။
၂၀၂၀ ရွေးကောက်ပွဲမှာတော့ ဖာပွန်မြို့နယ်ဟာ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေ ၁ ခုသာ ရတော့မှာဖြစ်ပြီး အရင်က အမျိုးသားလွှတ်တော် မဲဆန္ဒနယ် တစ်နေရာသာရခဲ့တဲ့ မြဝတီမြို့နယ်ဟာ အခုဆိုရင် နှစ်နေရာရတော့မှာ ဖြစ်ပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အားကောင်းတဲ့နေရာတွေမှာ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် သတ်မှတ်မှု ပြောင်းလဲလိုက် တာ တွေ့ရတယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက သုံးသပ်ပါတယ်။
“ကျနော်တို့ USDP အားကောင်းတဲ့ နေရာတွေကို သူတို့မဲဆန္ဒနယ် အလျှော့အတင်းလုပ်နေတာတွေ များစွာ ရှိတယ်ဗျ၊ ဘာကိုဥပမာပေးချင်လဲဆိုရင် ဖာပွန် ကျနော်တို့ အားကောင်းတယ်ဗျာ၊ ဆိပ်ကမ်းမဲဆန္ဒနယ် အနီက တစ်ခါမှ မနိုင်ဖူးဘူးဗျာ၊ ဘယ်လိုမှ နိုင်နိုင်စရာအကြောင်း မရှိတဲ့နေရာမျိုး။ လုပ်ရင်လည်း အသည်းအသန် လုပ်ရမယ့်နေရာမျိုးတွေကို သူတို့တွေ အရွှေ့အပြောင်း လုပ်လိုက်တာ။ မူလအတိုင်းမထားပဲ UEC ကနေ ပြီးတော့ အနိုင်ရအဖွဲ့ရဲ့ အလိုကျ လုပ်ဆောင်ပေးနေတဲ့ဟာ။ ဘက်လိုက်တယ်လို့ပဲ ပြောချင်ပါတယ်”
ကရင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကျော်ဝင်းမောင်ကတော့ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနရဲ့ လူစာရင်းတွေအရ လူဦးရေနည်းသွားတဲ့ ဖာပွန်က အမျိုးသားလွှတ်တော် မဲဆန္ဒနယ် တစ်နေရာပဲရတာလို့ ပြောပါတယ်။
“ကျနော်တို့မှာ ၇ မြို့နယ်ရှိတယ်၊ ၁၂ နေရာဖြစ်အောင် လူဦးရေအများဆုံး ၅ မြို့နယ်က ၂ နေရာစီ ဆိုတော့ ၁၀ နေရာရတယ်၊ လူဦးရေအနည်းဆုံးက တစ်နေရာစီဆိုတော့ ၂ နေရာရပါတယ်။ အားလုံး ၁၂ နေရာပါ၊ လူဦးရေ အနည်းအများပေါ်လိုက်ပြီး ခွဲတာပါ၊ လဝက လူဦးရေစာရင်းအရ ဖာပွန်က နည်းသွားလို့ပါခင်ဗျ”
အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေ သတ်မှတ်ရာမှာ မြို့နယ်တွေများတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ပြဿနာမရှိပေမယ့် မြို့နယ်နည်းပါးတဲ့ ပြည်နယ်တွေမှာတော့ အနည်းငယ် ရှုပ်ထွေးပါတယ်။
အလားတူ ရခိုင်ပြည်နယ်မှာလည်း အပြောင်းအလဲတွေ ရှိပါတယ်။
၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ် ၂ ခုပေါင်းထားတဲ့ မောင်တောခရိုင်ကို အမျိုးသားလွှတ်တော် မဲဆန္ဒနယ် သုံးနေရာ သတ်မှတ်ခဲ့ပေမယ့် ၂၀၂၀ မှာတော့ မောင်တောခရိုင် တစ်ခုလုံးကိုမှ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် တစ်နေရာသာ သတ်မှတ်ထားပါတယ်။
၂၀၁၀ ရွေးကောက်ပွဲမှာ မောင်တောခရိုင်အတွက် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၃ နေရာလုံးမှာ ကြံ့ခိုင်ဖွံ့ ဖြိုးရေးပါတီက အနိုင်ရခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာတော့ USDP ပါတီက တစ်ဦးနဲ့ ရခိုင်အမျိုးသားပါတီက ၂ ဦး အနိုင်ရခဲ့တဲ့နေရာတွေပါ။
ရခိုင်အမျိုးသားပါတီ ဗဟိုကော်မတီဝင် ဦးဖေသန်းက ရခိုင်ပြည်နယ်မှာ အမျိုးသားလွှတ်တော် နေရာအပြောင်း အလဲ လုပ်တဲ့အပေါ် မမျှတဘူးလို့ မယူဆကြောင်း ပြောပါတယ်။
“ရသေ့တောင်၊ ပုဏ္ဏားကျွန်းကတော့ ANP နယ်မြေပေါ့၊ တောင်ပိုင်းကတော့ NLD နယ်မြေပေါ့၊ တစ်ဖက်တစ် ယောက်စီ မျှထားတဲ့ သဘောမျိုးတော့ ကျနော်တို့ တွေ့ရတယ်၊ ဒါပေမဲ့ သူတို့က လူဦးရေကို အခြေခံပြီးတော့ ခရိုင်အလိုက်ခွဲတယ်လို့ ဥပဒေမှာ ပြဌာန်းထားတယ်၊ မမျှတဘူး၊ မျှတတယ် ဆိုတာကတော့ အဲမှာရှိတဲ့ လူဦးရေ အနေအထားပေါ် မူတည်ပြီးတော့ ခွဲတယ်ဆိုရင်တော့ မျှတပါလိမ့်မယ်၊ ခုနကလို မိမိအားကောင်းတဲ့နေရာမှာ ခွဲတယ်ဆိုရင်တော့ လူဦးရေ အခြေမခံဘူးဆိုရင်တော့ မမျှတဘူးပေါ့၊ မမျှတဘူးလို့တော့ မခံစားရဘူး”
မောင်တောခရိုင်မှာ နိုင်ငံသားကတ်မရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေဟာ မဲဆန္ဒရှင်စာရင်းမှာ မပါတော့တာကြောင့် လူဦးရေနည်းသွားပြီး အခုလို မဲဆန္ဒနယ်ပြောင်းတာ ဖြစ်နိုင်တယ်လို့ ဦးဖေသန်းက သုံးသပ်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲအတွက် မောင်တောခရိုင်မှာ ၁ နေရာသာ သတ်မှတ်ထားပြီး အရင်က တစ်နေရာစီသာရခဲ့တဲ့ ရသေ့တောင်နဲ့ ပုဏ္ဏားကျွန်းတို့မှာ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁ နေရာစီ ထပ်တိုးသတ်မှတ်လိုက်ပါတယ်။
ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင် နှစ်မြို့နယ်ကို ၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ အရင်က အမျိုးသားလွှတ်တော် တစ်နေရာပဲ သတ်မှတ်ခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ တစ်မြို့နယ်ကို တစ်နေရာစီ သတ်မှတ်ပေးထားတာ တေ့ွရပါတယ်။
ရခိုင်ပြည်နယ် တောင်ပိုင်းမှာလည်း အရင်က တောင်ကုတ်၊ သံတွဲနဲ့ ဂွမြို့နယ် သုံးခုပေါင်းကိုမှ အမျိုးသား လွှတ်တော် မဲဆန္ဒနယ် တစ်ခုသတ်မှတ်ခဲ့ပေမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာတော့ တောင်ကုတ်မြို့နယ် တစ်ခု တည်းကို အမျိုးသားလွှတ်တော် မဲဆန္ဒနယ် တစ်နေရာနဲ့ သံတွဲနဲ့ ဂွမြို့နယ် နှစ်ခုပေါင်းကို အမျိုးသားလွှတ်တော် မဲဆန္ဒနယ် တစ်နေရာ သတ်မှတ်ပေးထားပါတယ်။
ဧရာဝတီနဲ့ မန္တလေးတိုင်းဒေသကြီးတွေမှာလည်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေ သတ်မှတ်ရာမှာ မြို့နယ်တချို့ ပြောင်းလဲတာတွေ ရှိပါတယ်။
ကျန်တဲ့နေရာတွေက အပြောင်းအလဲတွေမှာ ဝေဖန်မှု မတေ့ွရပေမယ့် ကရင်နဲ့ ရခိုင်က မဲဆန္ဒနယ် အပြောင်းအလဲတွေမှာတော့ ကော်မရှင်ဟာ လက်ရှိအနိုင်ရပါတီကို အလေးပေးတယ်လို့ ဝေဖန်မှု ပြင်းထန်နေတာပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဒေါက်တာမျိုးညွန့်ကတော့ အာဏာရပါတီဟာ ကော်မရှင်ရဲ့ လုပ်ငန်းတွေကို ဝင်ရောက်စွက်ဖက်ခြင်း မရှိဘူးလို့ ပြောပါတယ်။
“အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေ သတ်မှတ်တာက မဲဆန္ဒရှင် လူဦးရေပေါ် မူတည်ပြီးတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွတ်လပ်စွာ ဆုံးဖြတ်ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ ပါတီနဲ့ လုံးဝသက်ဆိုင်ခြင်း မရှိပါဘူး”
အနိုင်ရပါတီကသာ အဆိုပြုတင်မြှောက်ရတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်းပေးရတဲ့ စနစ်အရ ဒီလိုဝေဖန်မှုတွေဟာ နောင်မှာလည်း ရှိနေဦးမှာပဲလို့ နိုင်ငံရေးလေ့လာသူ လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက သုံးသပ်ပါတယ်။
“ရွေးကောက်ပွဲကော်မရှင်ကို နာမည်စာရင်းတင်တာ၊ အတည်ပြုခန့်အပ်တာက ပြဿနာမဟုတ်ပေမယ့် သူတိ့ုဟာ ၅ နှစ်တစ်ကြိမ် သမ္မတသက်တမ်းအလျောက်ဖြစ်တာကြောင့် သူတို့က တက်လာတဲ့ အစိုးရကိုပဲ သစ္စာရှိပြီးတော့ အဲဒီအစိုးရနဲ့ နိုင်ငံရေးပါတီ အားသာဖို့အတွက် လိုက်လုပ်တယ်ဆိုတဲ့ ထင်မြင်ယူဆချက်၊ မယုံမကြည်ဖြစ်မှုက ဖြစ်နေဦးမှာပဲ၊ နောင်လည်းဖြစ်နေမှာပဲ”
၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ သက်တမ်းကို ပြင်ဆင်လိုက်မှသာ လွတ်လွတ်လပ်လပ် လုပ်ဆောင်လို့ရမယ်လို့လည်း ဦးရဲထွန်းက ယူဆပါတယ်။
မဲဆန္ဒနယ် ပြောင်းလဲသတ်မှတ်မှုအပေါ် ဝေဖန်မှုနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို RFA က မေးမြန်းဖို့ ကြိုးစားပေမယ့် ဖုန်းနဲ့ လက်ခံဖြေကြားခြင်း မရှိတဲ့အတွက် အီးမေးလ်ကတဆင့် စာပို့မေးမြန်း ထားပေမယ့် ဒီနေ့တော့ ပြန်လည်ဖြေကြားနိုင်ခြင်း မရှိသေးပါဘူး။
ကော်မရှင်က သတ်မှတ်တဲ့ မဲဆန္ဒနယ်တွေဟာ လွှတ်တော်သက်တမ်းတစ်ခုအတွက်သာ အကျုံးဝင်တာဖြစ်ပြီး နောက်သက်တမ်းတစ်ခုအတွက်ဆိုရင် မဲဆန္ဒနယ်တွေကို ကော်မရှင်က အနည်းဆုံး ရက်ပေါင်း ၆၀ ကြိုတင်သတ်မှတ်ပေးရမယ်လို့ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေမှာ ပြဌာန်းထားပါတယ်။
အမျိုးသားလွှတ်တော်မှာ တိုင်း၊ ပြည်နယ်တစ်ခုစီက ကိုယ်စားလှယ် ၁၂ ဦးစီ အချိုးကျ ရွေးကောက်ရတာဖြစ်လို့ ကိုယ်စားလှယ် ၁၆၈ ဦးရှိမှာဖြစ်ပြီး အဲဒီရွေးကောက်ခံ ကိုယ်စားလှယ်တွေကနေမှ ဒုသမ္မတ တစ်ဦးကို ရွေးချယ် ခွင့်ရှိတာဖြစ်ပါတယ်။
သမ္မတတစ်ဦး ရွေးချယ်ခွင့်ရှိသလို နိုင်ငံတော်သမ္မတကို ရွေးချယ်ရာမှာလည်း ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံးရဲ့ ၂၅ ရာခိုင်နှုန်းရှိတဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေဟာ အရေးပါပါတယ်။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အနိုင်ရရှိမှုကလည်း အရေးကြီးတဲ့အတွက် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေ အပြောင်းအလဲတွေရှိလာတဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ပါတီကြီးတွေအတွက် ယှဉ်ပြိုင်မှုပြင်းထန်မယ့် အခြေအနေရှိတယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။