ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒါးလက်ချောင်းအုပ်စုက ကျေးရွာတွေကို ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့ကစလို့ စစ်ကောင်စီတပ်က ဆန်ရိက္ခာသယ်ယူခွင့် ပိတ်ပင်ထားတာကြောင့် ဒေသခံ တစ်သောင်းကျော် စားနပ်ရိက္ခာ အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါးလက်ချောင်းအုပ်စုကို ဝင်တဲ့လမ်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက ကုန်းလမ်းကရော ရေလမ်းကပါ ဆန်ရိက္ခာတင်ယူခွင့်ကို ပိတ်ထားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“သူတို့က ကုန်းလမ်းကရော၊ ရေလမ်းကရော ဆန်ရိက္ခာတင်ခွင့်မပေးဘူး။ ပြီးရင် ဓာတ်ဆီကိုလည်း မတင်ရဘူး။ ဆန်တစ်အိတ်တင်တာတောင် စစ်ဆေးမေးမြန်းတာတွေ လုပ်တယ်။ မနည်းပြောယူရတယ်။ အဲဒါတောင် တင်ခွင့် မရရင် မရဘူး။ အခု ရွာမှာရှိတဲ့ဆန်တွေကလည်း ဈေးတက်ကုန်ပြီ။ ဒီမှာ အများစုက လက်လုပ် လက်စားတွေဆို တော့ အကုန်လုံး အခက်အခဲဖြစ်နေကြတယ်။ ဒီအတိုင်းသားဆိုရင် ဘယ်လိုမှ အဆင်မပြေဘူး”
အရင်တုန်းကဆိုရင် ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ ခွင့်ပြုချက်နဲ့ ဆန်ရိက္ခာတွေကို အကန့်အသတ်နဲ့ တင်ခွင့်ရခဲ့ပေမယ့် အခုတော့ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ကြားမှာ စစ်ရေးတင်းမာနေတာကြောင့် တင်ခွင့်မပေးတာ ဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။
ဒါးလက်ချောင်းအုပ်စုမှာ ဒါးလက်အနောက်ကျေးရွာ၊ ဒါးလက်မြောက်ကျေးရွာ၊ ဒါးလက်တောင်ကျေးရွာ အပါအဝင် ကျေးရွာပေါင်း ၄၂ ရွာရှိပြီး အများစုကတော့ ချင်းတိုင်းရင်းသားတွေ နေထိုင်ကြတာပါ။
အဲဒီဒေသဟာ တောင်ပေါ်ဒေသဖြစ်တာကြောင့် ဆန်စပါးတွေကို တခြားဒေသတွေဆီကနေ ဝယ်ယူ စားသောက်နေရတဲ့ ဒေသဖြစ်ပါတယ်။
အခုလက်ရှိမှာတော့ ကျေးရွာအကြီးအကဲတွေစုပြီး ရိက္ခာ တင်ဆောင်ခွင့်ရရေးအတွက် ညှိနှိုင်း ဆောင်ရွက်ဖို့ ကြိုးပမ်းနေပြီး သူတို့က ခွင့်မပြုရင်တော့ ထမင်းငတ်မယ့် အခြေအနေဖြစ်နေပြီလို့လည်း ပြောပါတယ်။
အမ်းဒေသခံ တစ်ဦးဖြစ်တဲ့ ကိုမျိုးလွင်ကတော့ စစ်ကောင်စီအနေနဲ့ အခုလို ဒေသခံတွေကို ရိက္ခာဖြတ် တောက်တာ မဖြစ်သင့်ဘူးလို့ ပြောပါတယ်။
“အဲဒီဒေသဟာ ဆန်စပါးအထွက်နည်းတယ်။ တခြားနေရာတွေကပဲ ဝယ်ယူ စားသောက်နေကြရတာ။ အဲဒါကို ဆန်ရိက္ခာတင်ခွင့်ပိတ်ပင်လိုက်တာက မဖြစ်သင့်ဘူး။ ဒါဟာ သူတို့ရဲ့ ရှင်သန်ရပ်တည်ဖို့ ထိခိုက်စေတယ်။ ဒီလို လူသားမျိုးနွယ်အပေါ် အသက်ရှင်သန်နိုင်ရေးကို ထိခိုက်စေတဲ့အတွက် နိုင်ငံတကာဥပဒေအရလည်း ရာဇဝတ်မှု မြောက်တယ်”
ဒါကြောင့် စစ်ကောင်စီအနေနဲ့ ဆန်ရိက္ခာတင်သွင်းခွင့်ကို ခွင့်ပြုပေးသင့်တယ်လို့လည်း ဆိုပါတယ်။
အခုလို စားနပ်ရိက္ခာတွေ ကန့်သတ်ခံထားရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့မနက်က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေကြောင့် ဒါးလက်ချောင်းအုပ်စုက ဒေသခံတွေဟာ ယခင်က အမ်းမြို့ကို ထွက်ပြေးတိမ်းရှောင် ခဲ့ကြရတာပါ။ အဲဒီဒုက္ခသည်တွေကို ပြီးခဲ့တဲ့ မတ်လက စစ်ကောင်စီကနေ ငွေကျပ် ငါးသိန်းစီထောက်ပံ့ပြီး နေရပ်ကို ပြန်ပို့လိုက်တာလည်းဖြစ်ပါတယ်။