စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မှုရပ်တန့်ဖို့ ရခိုင်အမျိုးသားပါတီ ဆုံးဖြတ်

ကိုဂျေ (ဝါရှင်တန် ဒီစီ)
2021-05-05
Share

ရခိုင်အမျိုးသားပါတီ ANP အနေနဲ့ စစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်မှုကိုရပ်တန့်ဖို့ စစ်တွေမြို့ ANP ပါတီရုံးမှာ မနေ့ကပြုလုပ်တဲ့ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပြီး ဒီကနေ့မနက်ပိုင်းက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ရခိုင်ပြည်သူလူထု အကျိုးစီးပွားအတွက် အခုလိုဆုံးဖြစ်လိုက်တာလို့ ANP ဥက္ကဋ္ဌ ဦးသာထွန်းလှ ကပြောပါတယ်။

စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရပ်တန့်ဖို့ အတည်ပြုချက်ယူမယ့် ဗဟိုအစည်းအဝေးကိုတော့ ဘယ်နေ့ ဘယ်ရက်ကျင်းပမယ်ဆိုတာကိုတော့ မသိရသေးဘူးလို့လည်း သူကဆိုပါတယ်။

လက်ရှိမှာ ပါတီရဲ့ဦးဆောင်ကော်မတီဝင် ဒေါ်အေးနုစိန်ဟာ စစ်ကောင်စီအဖွဲ့ဝင်တစ်ဦးဖြစ်နေ ပါတယ်။ သူ့ကို ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ဒေါ်အေးနုစိန်ကို စစ်ကောင်စီဖက်က ကမ်းလှမ်းခဲ့တာပါ။

နောက်တရက် ဖေဖော်ဝါရီလ ၄ ရက်နေ့မှာတော့ ပါတီမူဝါဒရေးရာဦးဆောင်ကော်မတီနဲ့ ဗဟိုအလုပ်မှုဆောင် စုစုပေါင်း ၁၅ ဦးက အစည်းအဝေးပြုလုပ်ပြီး လတ်တလောဖြေရှင်းဖို့ လိုအပ်ချက်ကြောင့် ယေဘုယျသဘောတူခဲ့ကြတာလို့ ဆိုပါတယ်။

ဒါ့အပြင် အဲဒီအချိန်က ANP ဘက်က အချက် ၆ ချက်ကို စစ်ကောင်စီဖက်က လိုက်လျောပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ အဲဒီအချက်တွေထဲမှာ ရက္ခိုင့်တပ်တော် AA ကို အကြမ်းဖက်အဖွဲ့လို့ ကြေညာထားတာကို ရုပ်သိမ်းပေးဖို့၊ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ၊ အကြမ်းဖက်ဥပဒေနဲ့ ဖမ်းဆီး တရားစွဲ ခံထားရသူတွေကို အမှုရုပ်သိမ်းပြီး ပြန်လွှတ်ပေးဖို့၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှာ ဝန်ကြီးနေရာအများစုကို ရခိုင်အမျိုးသားပါတီ ANP က ခန့်ထားပေးဖို့တို့ပါဝင်ပါတယ်။

ဒီတောင်းဆိုချက်တွေမရရင် စစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်မှုကို ရုပ်သိမ်းပြီး ပုံမှန်အတိုင်းရပ် တည် သွားဖို့ ဖေဖော်ဝါရီလ ၄ ရက်နေ့က ပြုလုပ်တဲ့ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြတယ်လို့လည်း သိရတယ်။

အခုလက်ရှိ ဒေါ်အေးနုစိန် စစ်ကောင်စီမှာ ပါဝင်နေခြင်းဟာ သူ့ရဲ့တစ်ဦးချင်း သဘောထားအရ ပါဝင်ခြင်းသာဖြစ်ပြီး၊ ကောင်စီမှာ ပါဝင်ကတည်းက ရခိုင်အမျိုးသားပါတီရဲ့ ကိစ္စတွေကို လုပ်ကိုင်တာ မရှိတော့သလို လုပ်ကိုင်လို့ ရတဲ့ အခြေအနေလည်း မရှိတော့ဘူးလို့ ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဦးသာထွန်းလှ ကပြောပါတယ်။

ဒေါ်အေးနုစိန်က ANP ပါတီရဲ့ ဒုဥက္ကဋ္ဌ တာဝန်ရှိသူဖြစ်ပြီး၊ စစ်ကောင်စီအဖွဲ့ဝင်လည်း ဖြစ်ပါတယ်။ ANP ပါတီက စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်တာ ရပ်တော့မယ်လို့ ဆုံးဖြတ်လိုက်ပေမယ့်၊ ပါတီရဲ့ ဒုတိယခေါင်းဆောင်ဖြစ်နေတဲ့ ဒေါ်အေးနုစိန်ကို ပါတီကထုတ်ပယ်တာမျိုး မရှိသေးပါဘူး။ သူ့ကို ပါတီညီလာခံကနေ ခန့်အပ်ထားတာ ဖြစ်တဲ့အတွက် ထုတ်မယ်ဆိုရင်လည်း ပါတီညီလာခံကနေပဲ ထုတ်မှ ရနိုင်မယ်လို့ သိရပါတယ်။

ရခိုင်အရပ်အဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဝံလက်ဖောင်ဒေးရှင်းရဲ့ဒါရိုက်တာ ဦးခိုင်ကောင်းစံကတော့ အခုလို စစ်ကောင်စီနဲ့မပူးပေါင်းဖို့ ရခိုင်အမျိုးသားပါတီဆုံးဖြတ်မှုဟာ မှန်ကန်တယ်လို့ ထောက်ပြပါတယ် RFA ကို ပြာပါတယ်။

"၁၉၈၈ နောက်ပိုင်း စစ်အစိုးရရဲ့ အုပ်ချုပ်ကတည်းက ရခိုင်ပြည်အတွက် ဘာမှဖွံ့ဖြိုးတိုးတက်မှုတွေ ဘာမှလုပ် နိုင်ခဲ့တာ မတွေ့ရဘူး။ ဖွံ့ဖြိုးတိုးတက်မှုလို့ပြောရင် ဒီမိုကရေစီစံချိန်စံညွှန်းတွေနဲ့ သွားနေတဲ့ အစိုးရတွေမှာသာ ဖွံ့ဖြိုးမှုအပိုင်းကို လုပ်ဆောင်နိုင်တဲ့ လက္ခဏာတွေ တွေ့ရတယ်။ ဒီလိုစစ်ဘက်ဆိုင်ရာ အုပ်ချုပ်မှုနဲ့သွား မယ်ဆို ရင်တော့ ဖွံ့ဖြိုးမှုပိုင်းတွေမှာတော့ လုပ်ဆောင်ပေးနိုင်မှာမဟုတ်ဘူး။ စပူးပေါင်းကတည်းက ပြန်လည်သုံးသပ်ဖို့ ကျွန်တော်တို့ အရပ်ဖက်အဖွဲ့အစည်းတွေက တင်ပြထားတာရှိတယ်။ အခုလိုမျိုး မပူးပေါင်းတော့ဘူး ဆိုတာက လည်း သူတို့ရဲ့ဆုံးဖြတ်မှုက မှန်ကန်တယ်လို့ပဲ ပြောချင်တယ်"

ANP ပါတီနဲ့ ပြန်လမ်းခွဲလိုက်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီရဲ့ ပြောခွင့်ရှိသူ ဦးဦးလှမြင့် ကလည်း ANP ပါတီရဲ့သဘောထား ပြောင်းလဲမှုမှန်ကန်တယ်လို့ပြောပါတယ်။

“မြန်မာပြည်ကို ဘယ်အာဏာရှင်လက်အောက်ကိုမှ မရောက်စေချင်ဘူး။ ဒီမိုကရေစီအာဏာရှင်ပဲ ဖြစ်ဖြစ် စစ်အာဏာရှင်ပဲဖြစ်ဖြစ် အာဏာရှင်စစနစ်ကိုတော့ မကြိုက်ဘူး။ ရခိုင်ပြည်နယ်ကြီးက ပြောင်းလဲမှုမှ မရှိတာ။ လမ်းပန်းဆက်သွယ်ရေး၊ ကုန်စည်စီးဆင်းမှုတွေမှာ အရင်ကထက် အများကြီး အခက်အခဲရှိတယ်။ လူတွေရဲ့စားဝတ်နေရေး စစ်ရှောင်တွေက ဒီမိုကရေစီအစိုးရလက်ထက်မှာ အဲလိုဖြစ်ခဲ့သလို အခုလည်း အပြောင်းအလဲမှ မရှိတာ ဒီဆုံးဖြတ်ချက်ကတော့ မှန်တယ်။ နိုင်ငံရေးလုပ်တယ်ဆိုတာ မိမိတို့ရဲ့အမျိုးသား၊ မိမိတို့ရဲ့ဒေသ မိမိတို့ရဲ့နိုင်ငံ ကောင်းရာကောင်းကျိုးလုပ်တာဆိုတော့ မကောင်းဘူးဆိုတော့ မကောင်းဘူးလို့ ပြောကြတာပဲ။ ဒါမှနိုင်ငံရေးလုပ်တာနဲ့ တူမယ်ပေါ့။ ဒါကိုတော့ ကြိုဆိုပါတယ်"

ANP ပါတီရဲ့ အခုလို ဆုံးဖြတ်ချက်အပေါ် ကြိုဆိုတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေး လေ့လာ သုံးသပ်သူတစ်ဦးက ပြောပါတယ်။

“ANP ပါတီက စစ်ကောင်စီလက်ထက်မှာ ရခိုင်ပြည်အနေနဲ့ အရင်တုန်းက NLD အစိုးရနဲ့ ပူးပေါင်းဆောင်ရွက် တာထက် စစ်ကောင်စီလက်ထက်မှာ ANP ပါတီအနေနဲ့ ရခိုင်ပြည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်ပြီး ပိုပြီးလုပ် နိုင်မယ်လို့ သူတို့က ယူဆလို့ ပူးပေါင်းဆောင်ရွက်တာပါ။ ဒါပေမယ့် စစ်ကောင်စီက ရခိုင်ပြည်နယ်နဲ့ပတ်သက်တဲ့ ကိစ္စမှာ ဖွံ့ဖြိုးတိုးတက်အောင် သူ့အနေနဲ့ လုပ်ပေးနိုင်တဲ့အနေအထား ဘယ်လိုမှ မရှိပါဘူး။ တစ်ပြည်လုံးမှာ ဖြစ်နေတဲ့ စစ်ကောင်စီဆန့်ကျင်ရေး လူထုတိုက်ပွဲအောက်မှာ ဘယ်လိုမှ စစ်ကောင်စီအနေနဲ့ ရခိုင်ပြည်နယ်ကို လှည့်ကြည့်နိုင်တဲ့အနေအထားမရှိပါဘူး။ ANP ပါတီအနေနဲ့ဒီလိုဆုံးဖြတ်ချက်ချလိုက်တာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ပါ။ အဲဒီထက်ပိုပြီးတော့ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချနိုင်ဖို့က တစ်ပြည်လုံးမှာ ရှိနေတဲ့ စစ်ကောင်စီဆန့်ကျင်ရေး ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးအတွက် ကြိုးပမ်းနေတဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ ပူးပေါင်းနိုင်မယ်ဆိုရင်တော့ ရခိုင်ပြည်နယ်ရဲ့အလားအလာဟာ ပိုပြီးကောင်းလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ANP ပါတီရဲ့ဆုံးဖြတ်ချက်ကို ကြိုဆိုတယ်လို့ ပြောပါရစေ“

ရခိုင်အမျိုးသားပါတီ(ANP)ဟာ အစောပိုင်းကာလမှာ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာနဲ့ ပတ်သက်လို့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ရခိုင်လူထုကြားမှာ ဝေဖန်ခံခဲ့ရပါတယ်။

တချို့ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက်မှာ ရခိုင်အမျိုးပါတီ(ANP)နဲ့ ရခိုင်လူထုတွေဟာ ဥပေက္ခာပြုခံခဲ့ရတဲ့အတွက် ပူးပေါင်းတာကောင်းတယ်လို့ ပြောကြသူတွေ ရှိခဲ့သလို့၊ စစ်ကောင်စီနဲ့မပူပေါင်းသင့်ဘူးလို့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့