ANP ပါတီ ပြည်နယ်အစိုးရဖွဲ့ခွင့်ရဖို့ မျိုးနွယ်စုဝင် ပါတီငယ်တွေ၊ အဖွဲ့အစည်းတွေ လိုလား

နီမင်းထွန်း
2021-01-07
Share

နိုဝင်ဘာလ ၈ ရက်နေ့ကကျင်းပခဲ့တဲ့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်မှာ မဲအများဆုံး အနိုင်ရထားတဲ့ ရခိုင်အမျိုးသားပါတီ ANP ကို ပြည်နယ်အစိုးရဖွဲ့ခွင့်ပေးဖို့ ရခိုင်မျိုးနွယ်စုဝင် ပါတီငယ်တွေနဲ့ စာပေနဲ့ လူမှုအဖွဲ့အစည်းတွေက ဒီနေ့ တောင်းဆိုလိုက်ပါတယ်။

 ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ရခိုင်အမျိုးသားပါတီရုံးမှာ ရခိုင်အမျိုးသားပါတီ ANP နဲ့ ရခိုင်မျိုးနွယ်စုဝင်တွေ ဖြစ်တဲ့ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဒိုင်းနက်လူမျိုးများ တိုးတက်ရေးပါတီ၊ ခမီ စာပေယဉ်ကျေးမှု ပါတီအပြင် မြို၊ ဟိန္ဒူ၊ မရမာကြီး၊ ကမန်မျိုးနွယ်စု ကိုယ်စားလှယ်တွေ ဒီနေ့ မနက်က တွေ့ဆုံပွဲအပြီးမှာ အခုလိုတောင်းဆိုသွားတာပါ။

 တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ မရမာကြီးတိုင်းရင်းသား ဦးမောင်နူက ရခိုင်အမျိုးသားပါတီကို ပြည်နယ်အစိုးရ ဖွဲ့ခွင့်ပေးစေလိုတယ်လို့ ပြောပါတယ်။

 “ရခိုင်ပြည်နယ်မှာ ရခိုင်ပါတီက မဲအများဆုံးရထားတယ်။ အဲဒါကြောင့် အမှန်တကယ်ဆိုရင် မဲအများဆုံး ရတဲ့ပါတီက အစိုးရဖွဲ့သင့်တယ်။ ဒါပေမဲ့ လက်ရှိအစိုးရက ပေးမလား မပေးဘူးလား မသိသေးဘူး။ သူတို့ ပေးမှရမယ်။  ဘာလို့လဲဆိုတော့ ဗမာပြည်တစ်ပြည်လုံးမှာ NLD ပါတီက အနိုင်ရထားတယ်။ ဒါပေမဲ့ ကိုယ့် ပြည်နယ်နဲ့ကိုယ် ဖွဲ့ခွင့်ပေးမယ်ဆိုရင် ရခိုင်ပါတီကို အစိုးရဖွဲ့ခွင့်ပေးရမယ်။ ဘာလို့လဲဆိုရင် ရခိုင်ပြည်နယ် မှာ ရခိုင်အမျိုးသားပါတီကို အစိုးရဖွဲ့ခွင့်ပေးမှ တိုင်းရင်းသားလူနည်းစုတွေရဲ့ ဒုက္ခသုခကိုသိမှာ NLD က သိမှာမဟုတ်ဘူး။ ဒုဥက္ကဋ္ဌကပြောတယ် ရခိုင်ပြည်နယ်မှာ ရခိုင်ပါတီက အစိုးရဖွဲ့ခွင့်ရလို့ရှိရင် တိုင်းရင်း သားလူနည်းစုတွေရဲ့အရေးကို ရှစ်ဆယ်ရာခိုင်နှုန်း အာမခံပါတယ်လို့”

 ရခိုင်အမျိုးသားပါတီ ANP သာ ရခိုင်ပြည်နယ်အစိုးရဖွဲ့ခွင့်ရမယ်ဆိုရင် ရခိုင်မျိုးနွယ်စုဝင်တွေ အားလုံး ပူပေါင်းပြီး ရခိုင်ပြည်နယ်အရေးကို အတူတူလုပ်ဆောင်နိုင်မယ်လို့ တွေ့ဆုံပွဲ တက်ရောက်လာသူတွေက ပြောကြပါတယ်။

“ကျွန်မတို့က ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင်တွေလေ၊ ဒါကြောင့် ကျွန်မတို့ ရခိုင်အမျိုးသားပါတီတစ်ခုက အစိုးရဖွဲ့ခွင့်ရမယ်ဆိုရင် ကောင်းတာပေါ့နော်။ အဓိကကတော့ အစိုးရဖွဲ့နိုင်ခဲ့ပြီးဆိုလို့ရှိရင် မျိုးနွယ်စုတွေ အကုန်လုံးက ပူးပေါင်းပြီးတော့ ရခိုင်ပြည်နယ်နဲ့အရေးကို ပါဝင်ပြီးတော့ လုပ်ဆောင်နိုင်အောင်၊ အခွင့် အရေးတွေ တန်းတူရအောင်လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်”

ဒါကတော့ ကမန်အရပ်ဖက်လူမှုအဖွဲ့အစည်း က ဒေါ်ခင်မျိုးညွန့်ပြောသွားတာပါ။

 ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၁ အရ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို နိုင်ငံတော် သမ္မတက သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေထဲကနေ ရွေးချယ်ပြီး အမည်စာရင်း တင်သွင်းရမှာပါ။ တိုင်းနဲ့ပြည်နယ်အစိုးရအဖွဲ့ကိုတော့ ဝန်ကြီးချုပ်က  လွှတ်တော်ကိုယ်စားလှယ်တွေထဲ ကဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူတွေထဲကနေဖြစ်စေ ရွေးချယ်ပြီး လွှတ်တော်ရဲ့သဘော တူညီချက်ရယူဖို့ အမည်စာရင်းတင်သွင်းရမယ်လို့  ပုဒ်မ ၂၆၂ မှာ ပြဌာန်းထားပါတယ်။

တိုင်းရင်းသားပါတီတွေရဲ့ တောင်းဆိုမှုကို အလေးနက်ထားစဉ်းစားသွားမှာဖြစ်တယ်လို့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့် ကပြောပါတယ်။

“တိုင်းရင်းသားပါတီတွေရဲ့ တောင်းဆိုမှုကို ကျွန်တော်တို့ အလေးအနက်ထား စဉ်းစားရမှာပေါ့ခင်ဗျ။ ဘယ်လိုဆုံးဖြတ်မယ်ဆိုတာကိုတော့ ကျွန်တော်တို့ အုပ်ချုပ်ရေးတာဝန်ယူမယ့်ပုဂ္ဂိုလ်တွေ ဒါတွေကို နောက်ဆုံးကျမှ အားလုံးစဉ်းစားပြီး ဆုံးဖြတ်ရမှာပါ။ မကြာခင်ပဲ အစိုးရအဖွဲ့တွေ ဖွဲ့တော့မှာပါ မဖွဲ့ခင်ပဲ ဆုံးဖြတ်မှာပါ”

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့ ရခိုင်အမျိုးသားပါတီက ဦးဆောင်ပြီး ပြည်နယ်အစိုးရဖွဲ့လိုတယ်လို့ ရခိုင်အမျိုးသားပါတီရဲ့ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော် က ပြောပါတယ်။

“ကျွန်တော်တို့ နိုင်ငံရေးပါတီထောင်တယ်ဆိုကတည်းက အစိုးရဖွဲ့ချင်တာပဲ။ ပွင့်ပွင့်လင်းလင်းပြောရမယ် ဆိုလို့ရှိရင် ကျွန်တော်တို့က ဘယ်နေရာမှာမှ အစိုးရဖွဲ့ချင်တာ မဟုတ်ဘူး။ ပဲခူးတိုင်းမှာ ဖွဲ့ချင်တာမဟုတ် ဘူး။ မန္တလေးမှာ အစိုးရလုပ်ချင်တာ  မဟုတ်ဘူး။ ရန်ကုန်တိုင်းမှာကျွန်တော်တို့လုပ်ချင်တာ မဟုတ်ဘူး။ ကျွန်တော်တို့ ဘိုးဘွား၊ ဘီဘင်နေထိုင်လာခဲ့တဲ့ ဒီကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ ကျွန်တော်တို့အစိုးရ ဖြစ်ချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်မွေးရာဇာတိ ကိုယ့်တိုင်းရင်းသားတွေ၊ ကိုယ့်လူမျိုးပေါင်းစုံ နေထိုင်တဲ့ ကိုယ့်ရခိုင်ပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျွန်တော်တို့ပါတီက ကိုယ့်လက်နဲ့ကိုယ် အလှဆင်ပေးချင်တယ်။ နိုင်ငံရေးစေတနာအပြည့်ရှိပါတယ်။ အဲဒါက ကျွန်တော်တို့ရည်မှန်းချက်ပဲ”

ရခိုင်ပြည်နယ်မှာ ၂၀၂၀ ရွေးကောက်ပွဲကျင်းပခွင့်ရခဲ့တဲ့ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၁၄ နေရာမှာ ရခိုင်အမျိုးသားပါတီ ANP က ခုနစ်နေရာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က လေးနေရာ၊ ရခိုင့် ဦးဆောင်ပါတီ AFP က နှစ်နေရာနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ USDP က တစ်နေရာအနိုင်ရထားခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့