ဒီသီတင်းပတ်ကုန်ပိုင်းမှာ ကျင်းပမယ့် အမေရိကန်- အာဆီယံ ထိပ်သီးညီလာခံကနေ မြန်မာစစ်ကောင်စီကို တိုးမြှင့်ဖိအားပေးဖို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ (APHR) က ဒီကနေ့ ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
စစ်ခေါင်းဆောင်နဲ့ စစ်ဗိုလ်ချုပ်တွေကို ဒေသတွင်းခရီးသွားလာတာတွေ ပိတ်ပင်ဖို့၊ လတ်တလောအရေးယူထားတာတွေထက် ပိုထိရောက်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အစီအစဉ်တကျ လုပ်ဆောင်ဖို့နဲ့ မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ်ကနေ ရပ်ဆိုင်းဖို့အထိ ဒဏ်ခတ်ဖို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီက ဒေါ်လာ ၁.၅ ဘီလီယံအထိ ဝင်ငွေရနေတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို အဓိက အရေးယူ ဒဏ်ခတ်ပိတ်ဆို့ဖို့လည်း ထောက်ပြထားပါတယ်။
မြန်မာစစ်ကောင်စီဟာ အာဆီယံက ချမှတ်ထားတဲ့ ငြိမ်းချမ်းရေးဆိုင်ရာ အချက် ၅ ချက်ကို ပြီးခဲ့တဲ့ တစ်နှစ်ကျော်ကာလအတွင်း လိုက်နာတာမရှိခဲ့တဲ့အပြင် အကြမ်းဖက်မှုတွေလည်း မနားတမ်းဆက်ဖြစ်နေတယ်လို့ APHR က ဆိုပါတယ်။
ဒါကြောင့် အမေရိကန်- အာဆီယံ ခေါင်းဆောင်တွေ အနေနဲ့ မြန်မာအာဏာသိမ်း စစ်ကောင်စီနဲ့ ဆွေးနွေးတာတွေရပ်ပြီး၊ မြန်မာပြည်သူတွေ တင်မြောက်ထားတဲ့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နဲ့ လူသိရှင်ကြား တွေ့ဆုံဆွေးနွေးဖို့လိုတယ်လို့လည်း ပြောပါတယ်။
မြန်မာပြည်သူတွေ အရေးတကြီးလိုအပ်နေတဲ့ လူသားချင်းစာနာမှု အကူအညီတွေပေးပို့နိုင်ရေး အမေရိကန်နဲ့ အာဆီယံ ခေါင်းဆောင်တွေ လက်တွဲဆောင်ရွက်ကြဖို့နဲ့၊ အဲဒီလိုပေးပို့ချိန်မှာလည်း အရပ်ဖက်အဖွဲ့တွေကနေတဆင့် ပေးပို့ကြဖို့၊ မြန်မာနိုင်ငံကနေ ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေကို အမေရိကန်နဲ့ အာဆီယံနိုင်ငံတွေကနေ ခိုလှုံခွင့်ပေးဖို့ စတဲ့ အချက်တွေလည်း လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ လွှတ်တော်အမတ်များအသင်း (APHR) က တောင်းဆိုပါတယ်။
အမေရိကန်- အာဆီယံ ထိပ်သီးညီလာခံကို သမ္မတဂျိုးဘိုင်ဒင်ဦးဆောင်ပြီး လာမယ့် မေလ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေအတွင်း ဝါရှင်တန်ဒီစီမြို့တော်မှာ ကျင်းပဖို့ရှိပြီး၊ မြန်မာစစ်ကောင်စီကိုတော့ ဖိတ်ကြားထားခြင်း မရှိပါဘူး။