ကော့မှူးမြို့နယ်၊ ငှက်အော်စမ်းကျေးရွာအနီး ဗုံးကျင်း ကုန်းအဆင်းကွေ့မှာ ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့ ညနေပိုင်းက စစ်ယာဉ်တန်းတစ်ခု တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်အတွင်း ဗိုလ်မှူး တစ်ဦး သေဆုံးသွားပြီးနောက် အနီးနားက ရွာသားတွေ ဖမ်းဆီးရိုက်နှက် စစ်ဆေးခံနေရ တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီက သူတို့ကို တိုက်ခိုက်တဲ့ PDF အဖွဲ့တွေနဲ့ ပတ်သက်လို့ ဒေသခံတွေ ရိုက်နှက် စစ်ဆေးနေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါ တယ်။
“ဗိုလ်မှူး အပစ်ခံရတဲ့နေရာက ကော့မှူးမြို့နယ်ထဲက ငှက်အော်စမ်း၊ ညောင်ထောက်၊ ရေတာရှည် သုံးရွာကြားမှာဖြစ်တာ။ PDF ကနေ ချောင်းပစ်တယ်။ ဗိုလ်မှူးတစ်ယောက် ကျတယ်။ ရဲဘော် တစ်ယောက်ကျတယ်။ တပ်ကြပ်တစ်ယောက်နဲ့ ရဲဘော်တစ်ယောက် က အရေးပေါ်တင်ထားရတယ်။ အခြေအနေတော့ မကောင်းဘူး။ PDF တွေကတော့ ပစ်ပြီးတော့ တောထဲဝင်ပြေးသွားတာပေါ့။ သူတို့က တောထဲကိုတော့ မလိုက်ရဲဘဲနဲ့ အနီးနားက ရွာတွေကို ပတ်ရမ်းနေတာ”
တိုက်ပွဲဖြစ်ခဲ့တဲ့နေရာဟာ ကုန်းအဆင်းကွေ့နေရာမှာဖြစ်ပြီး အဲဒီနေရာမှာ ကားကို အရှိန် လျှော့ပြီးမှ မောင်းလို့ ရတာကြောင့် နယ်မြေကျွမ်းတဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက အသုံးချသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်တပ်အရာရှိ သေဆုံးသွားပြီးနောက် စစ်ကောင်စီတပ်က ကွမ်းခြံကုန်း၊ ဒေးဒရဲ၊ ဒလ၊ လှိုင်သာယာနဲ့ တွံတေးဘက်တွေက တပ်ကူတွေ ခေါ်ပြီး အင်အား ၃၀၀ လောက်နဲ့ မေလ ၃ ရက်နေ့ကနေ ဒီနေ့အထိ ကော့မှူးမြို့နယ်ထဲက ငှက်အော်စမ်း၊ ညောင်ထောက်၊ ရေတာရှည်နဲ့ ကွမ်းခြံကုန်းမြို့နယ်ထဲက သံကြိုးရွာတွေက ဒေသခံတွေကို ရွာလုံးကျွတ် ခေါ်ထုတ်ပြီး နေ့စဉ် စစ်မေးနေတာလို့လည်း ဆိုပါတယ်။
ဒေသခံတွေကို ခြိမ်းခြောက်ပြီး ရိုက်နှက်စစ်ဆေးနေတာလို့လည်း လုံခြုံရေးအရ အမည် မဖော်လိုတဲ့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။
“ငှက်အော်စမ်းဆိုရင်လည်း သံတံတား ရွာထိပ်ကနေ ရွာလယ်လမ်းကြားအထိ အိမ်ရှိ လူအကုန်ခေါ်တယ်။ ညောင်ထောက်ဆိုရင်လည်း အရှေ့တစ်ခြမ်းလုံး အိမ်ရှိလူအကုန် ကားလမ်းမပေါ်ကို ခေါ်ပြီးတော့ ဘယ်သူပစ်တာလဲ၊ PDF ဘယ်သူလဲ၊ သတင်းပေး၊ မပြောဘူးဆိုရင် မင်းတို့ ပြန်ပြီးတော့ အိမ်တွေကို မီးရှို့မယ်။ သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်တယ်။ နေပူထဲမှာထားတယ်။ တချို့ ယောကျ်ားလေးတွေ အရိုက်ခံရတယ်၊ အထိုးခံရတယ်။ သွားကျွတ်တဲ့လူတွေ ရှိတယ်။ တချို့မိန်းကလေးတွေတောင် အကန်ခံ ရတာ ရှိတယ်။ ဆဲတာဆိုတာကတော့ ပြောမနေနဲ့တော့။ အိမ်ရှိ လူကုန်အကုန်ထွက်ရ တယ်။ ဒီလောက် ရိုက်နှက်နှိပ်စက်နေတာတောင်မှပဲ မင်းတို့က သတင်းဌာနမှာပါ အောင် ပြောနေတုန်းပဲလားဆိုပြီးတော့ ပိုရိုက်တယ်”
မေလ ၃ ရက်နေ့မှာ စတင်ခေါ်ယူစစ်ဆေးရာကနေ မေလ ၄ ရက်နဲ့ ၅ ရက်နေ့မှာ စစ်ဆေးမှုတွေ ကြမ်းတမ်းလာတယ်လို့ ဆိုပါတယ်။
ကွမ်းခြံကုန်းမြို့နယ် သံကြိုးရွာမှာတော့ ရွာသားတွေအားလုံးကို ဘောလုံးကွင်းထဲသို့ ခေါ်ထုတ်ပြီးတော့ ရိုက်နှက်မေးမြန်းခဲ့သလို ညနေပိုင်းကျမှ NLD ထောက်ခံတဲ့ မိသားစုတစ်စုကလွဲပြီး ကျန်တဲ့လူတွေကို ပြန်လွှတ်ပေးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကော့မှူးမြို့နယ် ရေတာရှည်ကျေးရွာမှာလည်း မေလ ၅ ရက်နေ့က အနောက်တစ်ပိုင်း လုံးကို စာသင်ကျောင်းကို ခေါ်ယူပြီး အဲဒီအထဲက လူငယ် ၁၁ ဦးကို ကားလမ်းမပေါ်မှာ ကိုယ်တုံးလုံးချွတ်ပြီး တစ်ညလုံး ရိုက်နှက်စစ်ဆေးခဲ့သလို နောက်နေ့မနက်ပိုင်းမှာတော့ စစ်တပ်အခြေပြုချထားတဲ့ ငှက်အော်စမ်းကို ခေါ်သွားတယ်လို့လည်း ဆိုကြပါတယ်။
အခုအခါမှာ စစ်တပ်က ငှက်အော်စမ်း အနောက်ဘက်၊ ရေတာရှည်ကျေးရွာ စာသင် ကျောင်းရှေ့နဲ့ ညောင်ထောက်ရွာအလယ်မှာ ဂိတ်တွေချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကော့မှူးမြို့နယ်မှာလည်း မေလ ၄ ရက်နေ့ကတည်းက မနက် ၆ ကနေ ညနေ ၆ အထိ အပြင်မထွက်ကြဖို့ လိုက်လံကြေညာနေပြီး မဖြစ်မနေ အပြင်ထွက်ခဲ့ရင်လည်း ကျေးရွာ စစ်ကောင်စီ ဥက္ကဋ္ဌ ထောက်ခံစာနဲ့ မှတ်ပုံတင်ပါရမှာဖြစ်ကြောင်းနဲ့ မပါရင် စစ်တပ်က တာဝန်မယူဘူးလို့ ပြောဆိုထားကြောင်း ဒေသခံတွေက ပြောပါတယ်။
မေလ ၅ ရက်နေ့မှာတော့ ငှက်အော်စမ်းရွာရဲ့ အနောက်ဘက် ခရစ်ယာန် သင်္ချိုင်းနား စစ်ဆေးရေးဂိတ်အနီးက ဖြတ်သွားတဲ့ ဆိုင်ကယ်သမား နှစ်ယောက်ကို ရပ်ဖို့ပြောရာကနေ မရပ်လို့ သေနတ်နဲ့ လှမ်းပစ်လိုက်တာကြောင့် ဆိုင်ကယ်သမား သေဆုံးသွားတယ်ဆိုပြီး သတင်းတွေ ထွက်နေပေမယ့် အမည်နဲ့ နေရပ်ကိုမသိရသေးလို့ ပြောကြပါတယ်။
စစ်တပ်က ဒီနေ့အထိ စစ်ဆေးလိုက်၊ ခေါ်မေးလိုက်၊ ပြန်လွှတ်လိုက်လုပ်နေတာကြောင့် ဒေသခံ ဘယ်နှယောက် အဖမ်းခံရတယ်ဆိုတာကိုလည်း လောလောဆယ် အတည်ပြုနိုင် ခြင်း မရှိသေးပါဘူး။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်နေဆဲ ဖြစ်ပါတယ်။