ကနီမှာ စစ်ကောင်စီ ရေကြောင်းက ဆက်တိုက်ပစ်ခတ်နေ၊ ဒေသခံ ၇၀၀၀ ကျော်ထွက်ပြေးနေရ

စောဖိုးခွား (ဝါရှင်တန် ဒီစီ)
2021.07.24

ကနီမြို့နယ်ထဲက စဖိုကြီး ၊ နတ်ကြီး ၊ သစ်ခက်နဲ့ ယင်းယိမ်း စတဲ့ရွာတွေထဲကို စစ်ကောင်စီတပ်တွေဟာ ချင်းတွင်းမြစ်ထဲမှာ နေရာယူထားတဲ့ ရေယာဉ်တွေပေါ်ကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

အဲဒီရွာတွေမှာ ဒေသခံ PDF တော်လှန်ရေး တပ်ဖွဲ့ဝင်တွေရှိနေတယ်လို့ ယူဆပြီး စစ်ကောင်စီဘက်က ပစ်ခတ်နေတာ နှစ်ရက်တိတိရှိပြီလို့ ဆိုပါတယ်။

ဒီကနေ့ ဇူလိုင် ၂၄ ရက်မနက်ပိုင်းက ကနီမြို့အရှေ့ဘက်ခြမ်း နတ်ကြီးရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး ရွာထဲမှာလည်း မပေါက်ကွဲသေးတဲ့ လက်နက်ကြီးတွေတောင်ရှိနေတယ်လို့ ချင်းတွင်းမြစ်နဲ့ မလှမ်းမကမ်းရွာမှာနေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ယောက်က ပြောပါတယ်။

“ဒီနေ့မနက် ရှေ့ကင်းကနေပြီး လက်နက်ကြီးတွေနဲ့ လာပစ်တယ်။ ကနီအရှေ့ဘက်ခြမ်းက နတ်ကြီးရွာ ထဲမှာဆိုရင် မပေါက်ကွဲသေးတဲ့ လက်နက်ကြီးတောင်ရှိတယ်။ လူနှစ်ယောက်လောက် ရှပ်ထိသွားတယ် ကြားတယ်။ နတ်ကြီးရွာမှာ။ ဒီနေ့မနက်ကျတော့ မုတ်ထောမှာ ရှေ့ပြေးကင်းကနေပြီး လက်နက်ကြီးတွေနဲ့ ၄ ချက် ၅ ချက်လောက်ပစ်ပြီးတော့ ကမ်းကပ်ပြီး မုတ်ထောရွာမှာတက်ပြီး ရှာလိုက်ဖွေလိုက်လုပ်တယ်။ ဒါပေမဲ့ သူတို့ အဲလိုမွှေနှောက်ပြီးနောက်က ဖလက်ခွန် (ကုန်တင်သင်္ဘော) တွေ ဆင်းလာတာနဲ့ ပြန်လိုက် သွားတယ်“

စစ်ကောင်စီတပ်တွေဟာ မနေ့ကစပြီး ရေယာဉ် ၉ စီးနဲ့ ချင်းတွင်းမြစ်ကြောင်းထဲမှာ နေရာယူထားတဲ့ မော်တော်ယာဉ်ပေါ်ကနေ သဲအိတ်အကာကွယ်တွေယူပြီး PDF တပ်ဖွဲ့တွေရှိတယ်ထင်တဲ့ နေရာတွေကို လက်နက်ကြီးတွေနဲ့ ပစ်သွားတာလို့ စဖိုကြီးရွာ ဒေသခံတစ်ယောက်ကလည်း ပြောပါတယ်။

“ သူတို့က တောက်လျှောက်မော်တော်ပေါ်ကနေ ကုန်းပေါ်ကို လှမ်းပစ်တာ။ ခရီးလမ်းတစ်လျှောက် သူတို့သွားသမျှ လမ်းကြောင်းတော်တော်များများက ရွာတွေကိုပစ်တာ။ မော်တော်ပေါ်ကနေ ကျေးရွာ တွေကို တော်လှန်ရေးတပ်ဖွဲ့တွေ ရှိမယ်ထင်တဲ့နေရာတွေကို အကုန်လုံးတောက်လျှောက် ပစ်သွားတာ။ အဲဒါကြောင့် ကျေးရွာတွေက အိမ်တွေမီးလောင်ပျက်စီးတာ။ သံခွန်ဖလပ် (ကုန်တင်သင်္ဘော) အပေါ် သဲအိတ်ကြီးတွေနဲ့ အကာကွယ်ယူပြီး လက်နက်ကြီးတွေနဲ့ တရစပ်ပစ်သွားတာ။ အမြန်ယာဉ်ပါပါတယ်။ အားလုံးပေါင်း ၉ စီး။ လူစီးအမြန်ယာဉ်က ၃ စီးနဲ့ ဖလပ်ခွန်တွေနဲ့ တွဲပြီးတင်တာ။ ခုက သူတို့ ကျောက်စိမ်းတွေ သယ်ယူခဲ့တယ်လို့ သတင်းကြားတယ်။ သူတို့ရဲ့ လုံခြုံရေး အကာကွယ်ယူတယ်ဆိုပြီး တောက်လျှောက်ပစ်သွားတယ်။ ကျောက်စိမ်းတွေ ပါတယ်လို့ကြားတယ်။ အရင်ကလည်း ကျောက်စိမ်း တွေ ဒီလိုသယ်နေတာ။ ဦးပိုင် ပစ္စည်းတွေ“

ချင်းတွင်းမြစ်ကြောင်းကနေ စစ်ကောင်စီတပ်တွေဟာ ကျောက်စိမ်းတွေ သယ်ထုတ်နေတဲ့အတွက် ချင်းတွင်းမြစ်ဘေး ပတ်ပတ်လည်မှာရှိတဲ့ ကျေးရွာတွေကို စစ်ဆင်ရေး၊ နယ်မြေရှင်းလင်းရေးတွေ လုပ်တဲ့အနေနဲ့ ပစ်ခတ်နေတာလို့ ဒေသခံတွေက ယူဆနေကြပါတယ်။

ကနီမြို့နယ် ချင်းတွင်းမြစ်ကြောင်းဘေးက နေရာ ၃ ခုမှာ အရင်က တိုက်ပွဲ ၃ ခုလောက် ဖြစ်ပွားခဲ့ဖူးပေမယ့် အခုတစ်ကြိမ်တိုက်ပွဲကတော့ PDF တွေနဲ့ တိုက်ပွဲဖြစ်တာ မဟုတ်ဘဲ စစ်ကောင်စီတပ်ဘက်ကသာ တဖက်တည်း ပစ်ခတ်နေတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ပေါင်၊ ခြေသလုံးမှာ ကျည်ထိမှန်ထားတဲ့ ရွာသားတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အရေအတွက်တော့ မသိရသေးပါဘူး။

ရွာသားတွေ ကျည်ဆံထိမှန်ခံရရုံသာမက နေအိမ်တစ်လုံး မီးလောင်ပျက်စီးသွားပြီး ကျပ် ၁၅ သိန်းလောက် တန်ဖိုးရှိတဲ့ ခိုင်းနွား တစ်ကောင် သေသွားရတယ်လို့ ဆိုပါတယ်။

"တော်လှန်ရေးတပ်ဖွဲ့တွေ ရှိမယ်ထင်တဲ့နေရာတွေကို အကုန်လုံးတောက်လျှောက် ပစ်သွားတာ။ အဲဒါကြောင့် ကျေးရွာတွေက အိမ်တွေမီးလောင်ပျက်စီးတာ"

ဒီလိုပစ်ခတ်မှုတွေကြားထဲ ရွာသားတွေအနေနဲ့ ဘယ်ကိုထွက်ပြေးရမှန်း မသိတဲ့အပြင် အခုကာလဟာ ကိုဗစ်ကူးစက်မှုနှုန်းတွေ အတော်ပျံ့နေတာမို့ ထွက်ပြေးခိုလှုံဖို့အတွက် နေရာအခက်အခဲလည်း ဖြစ်နေ တယ်လို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံ တစ်ယောက်က ပြောပါတယ်။

“ထွက်ပြေးကြတဲ့အချိန်မှာ ဘယ်ကိုစစ်ကောင်စီတပ်က လာမလဲဆိုတာ တိတိကျကျမသိတော့ တောထဲကို သွားရမှာလား။ ဒါမှမဟုတ် တခြားရွာတွေကို ကူးရမှာလားဆိုတဲ့ အခက်အခဲတွေရှိတယ်။ အခုချိန်မှာ ကိုဗစ် ၁၉ ကို ကာကွယ်ကုသနေတဲ့ အချိန်ဆိုတော့ တချို့ရွာတွေကို စစ်ဘေးခိုလှုံရတဲ့နေရာမှာ အခက်အခဲအကြီး မားဆုံးဖြစ်တယ်။ မနေ့က စစ်ကောင်စီတပ်က ကနီမြို့နယ်ရဲ့ ချင်းတွင်းမြစ်ကမ်း ဝဲ၊ ယာမှာရှိတဲ့ ရွာ ၁၁ ရွာကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ကြတယ်။ ဒီလိုပစ်ခတ်ကြတော့ အချို့က ရွာတွေထဲမှာ၊ အချို့ကတော့ တောတွေတောင်တွေထဲမှာ သွားကြရတယ်။ မနေ့က အခြေအနေဆိုရင် မိုးကရွာလိုက် နေကပူလိုက်ဆိုတော့ ကျန်းမာရေးဆိုင်ရာ ဆေးဝါးလိုအပ်မှု အခက်အခဲတော့ ဖြစ်လာနိုင်ခြေရှိတယ်”

အဲလိုတွေ ပစ်ခတ်တာကြောင့် မြစ်ကြောင်းအနား စဖိုကြီး၊ နတ်ကြီး၊ သစ်ခက်နဲ့ ယင်းယိမ်း စတဲ့ရွာတွေ အပါအဝင် နောက်ထပ်ရွာပေါင်း ၁၁ ရွာက ဒေသခံ ၇၀၀၀ ကျော်လည်း ကြောက်လန့်ပြီး ထွက်ပြေးတိမ်း ရှောင်နေကြရတယ်လို့ သိရပါတယ်။

kani-fire.jpg
(ကနီမြို့နယ်မှာ စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် မီးလောင်ပျက်စီးနေတဲ့ အိမ်တချို့ကို ၂၀၂၁ ဇူလိုင် ၂၃ ရက်နေ့က တွေ့ရစဉ် - Photo: CJ)

ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နဲ့ ၁၀ ရက်နေ့တွေကလည်း စစ်ကောင်စီတပ်တွေဟာ ကနီမြို့နယ် နတ်ကြီး၊ ယင်းနဲ့ ကုန်းသာရွာက ရွာသား အယောက် ၂၀ တို့ကို ကြိုးတွေနဲ့တုတ် ဒရွတ်တိုက်ဆွဲ ဓားတွေနဲ့ မွှန်းပြီး ခေါင်းကို သေနတ်နဲ့ အနီးကပ်ပစ်သတ်ခဲ့တဲ့အပြင် အဲဒီနေ့က လက်နက်ကြီး ပေါက်ကွဲလို့ ရွာသား သုံးယောက် သေဆုံးခဲ့တယ်လို့ ကနီပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားပါတယ်။

ကနီဘက်က တိုက်ပွဲအခြေအနေတွေကို မေးမြန်းဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ညနေအစောပိုင်းက ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။