တပ်ရဲ့မဲစာရင်း စိစစ်ထုတ်ပြန်မှုကို ပျော်ဘွယ်နဲ့ မိတ္ထီလာမှာ ထောက်ခံဆန္ဒပြ

ခေမဏီဝင်း
2021-01-14
Share
တပ်ရဲ့မဲစာရင်း စိစစ်ထုတ်ပြန်မှုကို ပျော်ဘွယ်နဲ့ မိတ္ထီလာမှာ ထောက်ခံဆန္ဒပြ ပျော်ဘွယ်မြို့မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တွေနဲ့ တပ်မတော်ထောက်ခံသူတွေ ၂၀၂၁ ဇန်နဝါရီ ၁၄ ရက်နေ့က ဆန္ဒပြစဉ်
Photo: ဇော်အောင်ထက်

၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုတွေဆိုပြီး တပ်မတော်က မဲစာရင်း စိစစ်ထုတ်ပြန်နေတာကို မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နဲ့ မိတ္ထီလာမြို့တွေမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တွေ အပါအဝင် တပ်မတော်ထောက်ခံသူတွေက ဒီနေ့ ထောက်ခံဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ထောက်ခံပွဲကို ပျော်ဘွယ်မြို့မှာ ဒီကနေ့မနက် ၉ နာရီကကျင်းပခဲ့ပြီး မိတ္ထီလာမြို့မှာတော့ နေ့လည် ၂ နာရီမှာ ပြုလုပ်မယ်လို့ သိရပါတယ်။

မဲစာရင်းကိစ္စတွေကို မှန်မှန်ကန်ကန်ဖြစ်စေချင်လို့ တပ်မတော် ထောက်ခံပွဲတွေ ကျင်းပတာလို့ ပျော်ဘွယ်မြို့ က ထောက်ခံပွဲကို သွားရောက်ဝန်းရံတဲ့ ကိုဇော်အောင်ထက်က ပြောပါတယ်။

“မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ မဲစာရင်းနဲ့ ပတ်သက်တဲ့ကိစ္စတွေပေါ့၊ မနေ့ကဆိုရင်လည်း ကျွန်တော် အမရပူရမြို့နယ်နဲ့ ပတ်သက်ပြီး ထုတ်ပြန်သွားတာတွေရှိတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း စိစစ်ထား တာရှိတယ်။ သက်သေအထောက်ထားတွေလည်းရှိတယ်။ အဓိကကတော့ မှန်မှန်ကန်ကန် ဖြစ်စေချင် တာပါ”

ထောက်ခံပွဲမှာ ပါဝင်သူတွေက အချက် ၁၆ ချက် ကြွေးကြော်ခဲ့ကြပြီး အဲဒီထဲမှာ တိုင်းပြည်သိက္ခာကျအောင် မဲခိုးသူ ဒို့ရန်သူ၊ ပြည်ပ ပထွေးတော်ချင်သူများ ချေမှုန်းကြ၊ လိမ်ညာထားတဲ့ မဲစာရင်းများဖြေရှင်းကြ၊ တရား မျှတတဲ့ ရွေးကောက်ပွဲအဖြေရရှိရေး၊ တရားမျှတမှုမရှိတဲ့ရွေးကော် အလိုမရှိ ဆိုတဲ့ အချက်တွေပါဝင်ပါတယ်။

ပျော်ဘွယ်မြို့နဲ့ မိတ္ထီလာမြို့ဟာ ကြံ့ခိုင်ဖွံဖြိုးရေးပါတီကို ထောက်ခံမှုအားကောင်းတဲ့ မြို့တွေဖြစ်ပြီး ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အဲဒီမြို့နယ်တွေမှာ ရွေးကောက်ပွဲ အောင်နိုင်ခဲ့တာပါ။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ မဲစာရင်း စိစစ်တွေ့ရှိချက်ကို တပ်မတော်က နံပါတ်စဉ်နဲ့ ထုတ်ပြန်နေတာ မနေ့ကအထိဆိုရင် ၁၇ ကြိမ်မြောက် ရှိလာပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့