ကော့မှူးမှာ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီးနောက် ဒေသခံ ၁၇ဝ ဖမ်းဆီးခံရ

ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်၊ ငှက်အော်စမ်းရွာအနီးမှာ ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့က စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံခဲ့ရပြီးနောက် အနီးနား ရွာသုံးရွာက ဒေသခံ ၁၇ဝ လောက် သံသယနဲ့ ဖမ်းဆီးခံထားရတယ်လို့ လုံခြုံရေး အရ အမည်မဖော်လိုတဲ့ ဒေသခံက RFA ကိုပြောပါတယ်။

အဲဒီနေ့က စစ်ယာဉ်တန်း တိုက်ခိုက်ခံရမှုမှာ ဗိုလ်မှူးတစ်ဦး သေဆုံးသွားပြီးနောက် အစစ်အဆေးတွေများနေပြီး၊ အဖမ်းအဆီးတွေလည်း ဆက်တိုက်ရှိနေတယ်လို့ ဆိုပါတယ်။

“အခုလောလောဆယ်အထိ အဖမ်းခံထားရတာ အယောက် ၁၇ဝ လောက် ရှိတယ်။ ညောင်ထောက်၊ ရေတာရှည်နဲ့ ငှက်အော်စမ်းရွာတွေက ဒေသခံတွေပါ။ NLD ဝန်းရံတဲ့ မိသားစုတွေဆိုရင် မိသားစုလိုက်ပါ ခေါ်သွားတာ။ ရေတာရှည်ရွာကလူတွေကတော့ တော်တော် နှိပ်စက်ခံရတယ်။ ၁၇၊ ၁၈ နှစ်လောက်ပဲ ရှိဦးမယ့် အမျိုးသမီးငယ်တွေလည်း ပါတယ်။ အကုန်လုံးကို ငှက်အော်စမ်းရွာမှာရှိတဲ့ စာသင်ကျောင်းထဲမှာ ခေါ်စစ်နေတာပါ”

အခုလိုဖမ်းဆီးစစ်ဆေးနေတာကြောင့် ဒေသခံတချို့ဟာ စိုးရိမ်ပြီး နေရပ်စွန့်ခွာ ထွက်ပြေးသွားကြတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရတဲ့ မေလ ၃ ရက်နေ့ နောက်ပိုင်းကစလို့ ကော့မှူးမြို့နယ်အတွင်း စစ်ဆေးမှုတွေ တင်းကျပ်လာနေတာလို့ ဒေသခံတွေက ပြောပါတယ်။

ည ၆ နာရီကနေ မနက် ၆ နာရီကြား အပြင်မထွက်ကြဖို့လည်း လိုက်လံကြေညာနေပြီး၊ မဖြစ်မနေ အပြင်ထွက်ရမယ်ဆိုရင် ရွာဥက္ကဋ္ဌ ထောက်ခံစာရမှာ ဖြစ်သလို၊ မပါရင်တော့ စစ်တပ်က တာဝန်မယူကြောင်း ခြိမ်းခြောက်ပြောဆိုထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်ဟာ ငှက်အော်စမ်းရွာ စာသင်ကျောင်း၊ ညောင်ထောက်အဝင် လမ်းဆုံမှာ ဘန်ကာတွေဆောက် တပ်စွဲထားသလို ကော့မှူးမြို့ပေါ် အားကစားနဲ့ ကာယပညာခန်းမနားမှာလည်း တပ်စွဲထားတယ်လို့ ဆိုပါတယ်။

မေလ ၃ ရက်နေ့ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီးကတည်းက အဲဒီဒေသမှာ ဒေသခံ PDF တွေနဲ့ တိုက်ပွဲတွေ မရှိပေမယ့် စစ်ကောင်စီဘက်ကတော့ အင်အားတွေ တိုးချနေတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

ကော့မှူးဘက်က အခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းဖို့ RFA က ဆက်သွယ်နေဆဲ ဖြစ်ပါတယ်။

လက်ရှိ စစ်တပ်က တပ်စွဲထားတဲ့ ငှက်အော်စမ်းရွာဟာ အိမ်ခြေ ၇ဝဝ လောက်ရှိပြီး၊ အဲဒီဒေသမှာ အကြီးဆုံး ရွာတစ်ရွာလည်း ဖြစ်သလို၊ လူငယ်ထိန်းသိမ်းရေးကျောင်းလည်း ရှိပါတယ်။

ကော့မှူးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ သုံးကြိမ်တိုင်တိုင် ဝင်ပြိုင်ခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။