တပ်ခွဲမှူးအပါအဝင် စစ်သား ၂၇ ဦး ဖမ်းမိကြောင်း KNU ထုတ်ပြန်

ကရင်ပြည်နယ်၊ မူတြော်ခရိုင် (ဖာပွန်မြို့နယ်) ထဲက မတ်လ ၁၁ ရက်နေ့က တိုက်ပွဲမှာ တပ်ခွဲမှူး အပါအဝင် စစ်ကောင်စီတပ်သား ၃၀ နီးပါး ဖမ်းဆီးရမိတယ်လို့ မူတြော်ခရိုင် သတင်းစဉ်က မတ်လ ၁၂ ရက် မနေ့က ထုတ်ပြန်ပါတယ်။

မတ်လ ၁၁ ရက်နေ့က မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မဲဝိုင်အုပ်စုမှာ ရိက္ခာထုတ်ပြီး ပြန်လာတဲ့ ခြေလျင်တပ်ရင်း ခလရ ၉၇ စစ်ကောင်စီတပ်ကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နဲ့ ပူးပေါင်းအဖွဲ့က မတ်လ ၁၁ ရက်မှာ တိုက်ခိုက်ခဲ့ ပြီး စစ်ကောင်စီတပ်သား ၂၇ ယောက်ကို ဖမ်းမိခဲ့တာလို့ ဖော်ပြထားပါတယ်။

ဖမ်းမိတဲ့သူတွေထဲမှာ တပ်ခွဲမှူး နှစ်ယောက်၊ ဗိုလ်တစ်ယောက် ပါဝင်နေပြီး ၁၁ ယောက်က ဒဏ်ရာရနေသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးကလည်း အသေးစိတ် မသိရှိရသေးပေမယ့် ဖမ်းဆီးခံရသူတွေထဲမှာ အရာရှိတွေ ပါဝင်ကြောင်း ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ RFA ကို အတည်ပြုထားပါတယ်။

ဒါ့အပြင် ဖမ်းဆီးခံထားရသူတွေကို KNLA တပ်မဟာ ၅ က ထိန်းသိမ်းထားတယ်လို့လည်း သူက ပြောပါတယ်။

ဒီတိုက်ပွဲကနေ RPG 7 နှစ်လက်၊ မော်တာ လေးလက် အပါအဝင် လက်နက်ငယ်နဲ့ ကျည်ဆန် အမြောက်အမြားကို KNLA ဘက်က သိမ်းဆည်းရမိခဲ့ပြီး ငွေသား သိန်း ၃၀ လည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဘက်ကတော့ ဒီအခြေအနေနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ ထုတ်ပြန်တာမျိုး မတွေ့ရသေးသလို စစ်ကောင်စီပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို အတည်ပြုနိုင်ဖို့ ဆက်သွယ်နေပါတယ်။

ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလ ၃၀ ရက်ကလည်း စစ်ကောင်စီတပ်ဘက်က တပ်ခွဲမှူးအဆင့် အပါအဝင် စစ်သား ခုနစ်ဦးကို လေးကေ့ကော်ဒေသ၊ ရသေ့ဂူရွာမှာ လက်နက်ခဲယမ်းတွေနဲ့ အတူ KNLA က ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။