ကော့မှူးမြို့နယ် ကျိုက်ထော်ရွာမှာ နှစ်ရက်အတွင်း လူ ၄၀ ကျော် အဖမ်းခံရ

2022.05.17
ကော့မှူးမြို့နယ် ကျိုက်ထော်ရွာမှာ နှစ်ရက်အတွင်း လူ ၄၀ ကျော် အဖမ်းခံရ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာ ၂၁ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနေကြတဲ့ ကော့မှူးမြို့နယ်မှ ‌ဒေသခံတွေကို တွေ့ရစဉ်
Photo: RFA

ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ကျိုက်ထော်ရွာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနဲ့ နီးစပ်သူ၊ ထောက်ခံသူ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်သူ စုစုပေါင်း ၄၀ ကျော်ကို မေလ ၁၆ ရက်နဲ့ မေလ ၁၇ ရက် ဒီနေ့မနက်အထိ နှစ်ရက်အတွင်း စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းသွားသူတွေရဲ့ အမည်တိတိကျကျကို မသိရသေးပေမယ့် အားလုံးကို ရွာထဲမှာရှိတဲ့ မီးသတ်ဌာနမှာ စစ်ဆေးမေးမြန်းနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

"CDM ရော၊ CDM နဲ့ နီးစပ်တဲ့သူရော၊ NLD ကို ထောက်ခံတဲ့သူရော၊ တက်ကြွတဲ့ သူတွေရော အဖမ်းခံရတယ်။ မနေ့က ၃၄ ယောက် အဖမ်းခံရတယ်။ ဒီနေ့ ခုနစ်ယောက် ထပ်ဖမ်းထားတယ်။ အားလုံးကို ကျိုက်ထော်က မီးသတ်ထဲမှာ ဖမ်းထားတယ်။ အဲဒီမှာ စခန်းချထားတာက စစ်သား ၇၀ လောက် ရှိတယ်။ သူတို့က အသစ်ရောက်လာတုန်း ပါဝါပြတဲ့သဘောလို့ ထင်တယ်။ ဒလန် သတင်းပေးတာလည်းပါတယ်"

ဒီနေ့မနက် အဖမ်းခံရတဲ့ ခုနစ်ဦးစလုံးဟာ CDM နဲ့ ဆက်စပ်တဲ့သူတွေဖြစ်ပြီး CDM လုပ်ထားတဲ့ အမျိုးသား နေအိမ်မှာမရှိတဲ့အခါ ဇနီးဖြစ်သူကို ဖမ်းသွားပြီး CDM လုပ်ထားတဲ့ ဇနီးဖြစ်သူ အိမ်မှာမရှိရင် အမျိုးသားဖြစ်သူကို ဖမ်းခေါ်သွားတာမျိုးတွေ ဖြစ်တယ်လို့ ဒေသခံက ဆိုပါတယ်။

ကျိုက်ထော်ရွာဟာ တိုက်နယ်အဆင့် ဆေးရုံ၊ ရဲစခန်းနဲ့ မီးသတ်စခန်းတွေရှိတဲ့ ရွာကြီး တစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်သားတွေ နယ်မြေစိုးမိုးရေးလုပ်တဲ့အခါ ရွာတွေကိုငြိမ်အောင် လုပ်ပြချင်တဲ့အနေနဲ့ လူတွေကို ဖမ်းပြနေတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

ရွာထဲမှာရှိတဲ့ လိုင်စင်မဲ့ရော၊ လိုင်စင်ရှိတဲ့ ဆိုင်ကယ်တွေရောအားလုံးကို မီးသတ်စခန်းမှာ လာရောက်အပ်နှံကြဖို့ သတိပေးထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

အခုရက်ပိုင်းအတွင်း စစ်ဘက်ဆိုင်ရာလူကြီးတစ်ဦး ကော့မှူးဒေသဘက်ကို လာရောက်ဖို့ ရှိတယ်လို့ ဒေသခံတွေက ပြောဆိုနေကြပေမယ့် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ကျိုက်ထော်ရွာနဲ့ သိပ်မဝေးတဲ့ ငှက်အော်စမ်းရွာအနားက ဗုံးကျင်းကုန်းအဆင်းကွေ့မှာ ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့ ညနေပိုင်းက စစ်ယာဉ်တန်းတစ်ခု တိုက်ခိုက်ခံရပြီး ဗိုလ်မှူး တစ်ဦး သေဆုံးသွားပြီးနောက် အဲဒီနားက ရွာတွေဖြစ်တဲ့ ငှက်အော်စမ်း၊ ညောင်ထောက်၊ ရေတာရှည်ရွာက ဒေသခံ ရာနဲ့ချီ ဖမ်းဆီးစစ်ဆေးခံခဲ့ရပြီး မေလ ၁၃ ရက်နေ့မှာတော့ အားလုံးကို ပြန်လွှတ်ပေးလိုက်တယ်လို့ ဒေသခံက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။