မြတောင်သပိတ်စစ်ကြောင်းက လူငယ်တွေကို စစ်ကောင်စီက ပစ်ခတ်ဖမ်းဆီး
မန္တလေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် နေ့တိုင်းလိုလို ဆန္ဒပြနေတဲ့ မြတောင်သပိတ်စစ်ကြောင်း က လူငယ်တွေ တည်းခိုနေထိုင်တဲ့ ချမ်းအေးသာဇံမြို့နယ်၊ ကံကောင်းအရှေ့ရွာက တိုက်ခန်း တစ်ခုကို စစ်ကောင်စီတပ်တွေက ဒီနေ့မနက် ၈ နာရီလောက်မှာ ပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။
ဒီနေ့မနက်မှာ လူငယ်တွေ တည်းခိုနေတဲ့နေရာကို ကားတစ်စီးရောက်လာပြီး လူရှိ၊ မရှိ စုံစမ်းပြီးနောက် နောက်ထပ် စစ်ကားနဲ့ ရဲကားတွေ ရောက်လာပြီး သေနတ်နဲ့အချက် ၂၀ လောက် ပစ်ခတ်ဖမ်းဆီးတာကြောင့် အမျိုးသား ရှစ်ယောက်၊ အမျိုးသမီး သုံးယောက် စုစုပေါင်း ၁၁ ယောက်အဖမ်းခံရတယ်လို့ မြတောင်သပိတ် စစ်ကြောင်းမှာ ပါဝင်သူ တစ်ယောက်က RFA ကို ပြောပါတယ်။
ပစ်ခတ်ဖမ်းဆီးခံရသူတွေထဲက အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် ထိခိုက်ဒဏ်ရာရပြီး ဘာကြောင့်ဒဏ်ရာရတယ်ဆိုတာ လတ်တလော သေချာမပြောနိုင်သေးဘူးလို့ ပြောပါတယ်။ အဖမ်းခံရတဲ့ ၁၁ ယောက်ထဲမှာ သပိတ်စစ်ကြောင်းမှာ မပါဝင်ဘဲ မသင်္ကာလို့ အဖမ်းခံထားရသူတွေလည်း ရှိတယ်လို့ ပြောပါတယ်။
ဒီနေ့မနက်ပိုင်း မန္တလေးမြို့ထဲမှာ ဆန္ဒပြပြီးပြန်လာတဲ့ မန္တလာသပိတ်စစ်ကြောင်းပါဝင်သူတွေကို စစ်ကောင်စီတပ်တွေက အိမ်စီးကားနဲ့တိုက်ပြီးဖမ်းတာကြောင့် ဆန္ဒပြသူတစ်ယောက် အဖမ်းခံရတယ် လို့လည်း ပြောပါတယ်။
မြတောင်ကျောင်းတိုက်ထဲက ဘုန်းကြီးကျောင်းသုံးကျောင်းကို အရပ်ဝတ်နဲ့ လက်နက်ကိုင်တွေက ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်နေ့ ညနေ ၃ နာရီကျော်က၊ ရုတ်တရက် ဝင်ရောက်စီးနင်းပြီး ဆရာတော် နှစ်ပါးနဲ့ လူ နှစ်ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။ အဲဒီမှာ လက်နက်တွေနဲ့ ဖောက်ခွဲရေးပစ္စည်းတွေ ဖမ်းမိတယ်ဆိုပြီး စစ်ကောင်စီဘက်က ကြေညာထားပါတယ်။
ဒါဟာ စစ်ကောင်စီဘက်က လုပ်ကြံဖန်တီးပြီး သတင်းလွှင့်တာလို့ မြတောင်ကျောင်းတိုက်မှာ သီတင်းသုံးတဲ့ သံဃာတော်တစ်ပါးက RFA ကို မိန့်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်ကလည်း မဟာမြတ်မုနိဘုရားကြီး အရှေ့ဘက်ပေါက်အနားမှာ ဆန္ဒပြနေတဲ့ မြတောင် သပိတ်စစ်ကြောင်းကို အရပ်ဝတ်ထားတဲ့ စစ်ကောင်စီတပ်တွေက သေနတ်တွေနဲ့ ပစ်ခတ်ဖြိုခွဲ ခဲ့တာကြောင့် ငါးယောက်အဖမ်းခံခဲ့ရပြီး မသူသူဇင် ဆိုသူအမျိုးသမီး သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားပါတယ်။ သူ့ရဲ့ အလောင်းကိုလည်း မိသားစုတွေပြန်မရခဲ့ဘူးလို့ သိရပါတယ်။