စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ရွှေဘုံသာဘုရားကြီး ဂေါပကအဖွဲ့ဝင် ဦးတာ ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက နေအိမ်မှာ လာရောက်ဖမ်းဆီးစဉ် မတွေ့ခဲ့ဘဲ မိသားစုဝင်တွေထဲက အသက်မပြည့်တဲ့ ကလေးငယ် နှစ်ဦး အပါအဝင် ငါးဦး အဖမ်းခံလိုက်ရတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဦးတာ ကို အရင်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ခုလိုဖမ်းဆီးဖို့ လာပေမယ့် အဖမ်းမခံခဲ့ရဘဲ အခုလည်း ရှောင်နေတာကြာပြီလို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
"မနေ့က အောင်မင်္ဂလာရပ်ကွက် ကျောက်မြောင်းလမ်းထဲ လာဖမ်းတာ၊ အရင်က လာရှာလို့ ဦးတာ က ရှောင်နေတာကြာပြီ၊ အခုတစ်ခေါက်တော့ မိသားစုတွေ ဖမ်းသွားတယ်"
ဦးတာ ကို PDF တွေနဲ့ ပတ်သက်မှုရှိတယ်လို့ ယူဆချက်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ခုလိုလာရှာဖွေတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောကြပေမယ့် RFA က ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
အသက် ၆၀ နှစ် ဇနီးဖြစ်သူ ဒေါ်အာအီး (ခ) ဒေါ်စန်းမြင့်အေး၊ အသက် ၃၇ နှစ် သမီးဖြစ်သူ မကြီး (ခ) ဒေါ်ခင်လင်းမိုး၊ အသက်၂၆ နှစ် သမီးဖြစ်သူ အဲကြီး (ခ) မမေမြတ်မိုး၊ အသက် ၁၀ နှစ် မြေးဖြစ်သူ ဘိုင်ယာ (ခ) ယွန်းမိုးအိမ်၊ အသက် ၅ နှစ် မြေးဖြစ်သူ သက်ထက်စံ တို့ဟာ နေအိမ်မှာရှိနေစဉ် အဖမ်းခံလိုက်ရတာ ဖြစ်ပါတယ်။
သူတို့ကို ကလေးမြို့ ဒေသကွပ်ကဲရေး စစ်ဌာနချုပ် ဒကစ ကို ဖမ်းဆီးခေါ်ဆောင်သွားတာ လို့လည်း ဒေသခံတွေက ပြောပါတယ်။
အဲဒီ မိသားစုဝင် ငါးဦး အဖမ်းခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။
ကလေးမြို့မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တစ်နှစ်ကျော်ကြာ ဒီနေ့အချိန်ထိ ဖမ်းဆီးခံရသူ ၄၁၀ ဦး ကျော်ရှိတယ်လို့ ကလေးမြို့ ပင်မသပိတ် ဦးဆောင်သူတွေက ပြောပါတယ်။