ရေစကြိုမှာ အမျိုးသမီး သုံးဦး အဖမ်းခံရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ တောင်အိုရွာမှာနေတဲ့ အမျိုးသမီး သုံးဦး ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက မတ်လ ၁၃ ရက် မနေ့က ဖမ်းဆီးသွားတယ်လို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ရွာသားတစ်ဦးက RFA ကို ဒီနေ့ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ အမျိုးသမီးတွေက ဒေါ်ညိုစန်း၊ မဆွေဆွေဝင်း၊ မနှင်းယုဝေ တို့ဖြစ်ကြပြီး ဒေါ်ညိုစန်းရဲ့ သားဖြစ်သူ ကိုလွမ်းဝေ ကို ဝင်ရောက်ဖမ်းဆီးရာမှာ မမိတဲ့အတွက် သူတို့ သုံးဦးကို ဖမ်းဆီးသွားတာလို့ ရွာသားတစ်ဦးက ပြောပါတယ်။

"သူတို့ သုံးဦး အခြေအနေက သူ့သားကို လာဖမ်းတာ မမိဘူးပေါ့ဗျာ။ မအေနဲ့ သူ့အစ်မနဲ့ နှမလေးတစ်ယောက် ဖမ်းသွားတယ်"

ဖမ်းဆီးခံရတဲ့ အမျိုးသမီး သုံးဦး ဟာ ရွာနဲ့ တစ်မိုင်ခန့်ဝေးတဲ့ သူတို့ရဲ့ ယာတောတဲအိမ်မှာ နေထိုင်တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တောင်အိုကျေးရွာကို ဝင်ရောက်ချိန်မှာ သေနတ်အချက် ၃၀ ခန့်ပစ်ခတ်ပြီး ဝင်ရောက်လာတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေက ကိုလွမ်းဝေကို ဘာကြောင့်ဖမ်းဆီးဖို့ ကြိုးစားသလဲဆိုတာနဲ့ ပတ်သက်လို့ ဒေသခံတွေကို RFA က မေးမြန်းခဲ့ရာမှာ သူတို့အနေနဲ့လည်း ဒီကိစ္စအပေါ် ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ပြောကြပါတယ်။

တောင်အိုကျေးရွာဟာ အိမ်ခြေ ၁၇၀ ဝန်းကျင်နဲ့ လူဦးရေ ၈၀၀ ခန့်ရှိပြီး စစ်ကောင်စီ တပ်ဖွဲ့တွေ ရွာထဲဝင်ရောက်ချိန်မှာ တစ်ရွာလုံး ထွက်ပြေးနေရတယ်လို့ ရွာသားတွေက ပြောပါတယ်။

ဒီနေ့မှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေက ရွာထဲကနေ ပြန်လည်ထွက်ခွာသွားကြပြီး နောက်တစ်ကြိမ် ရွာထဲ ပြန်ဝင်ရောက်လာမှာ စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။

အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ် မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဒီနေ့ညနေ ငါးနာရီလောက်အထိ အကြောင်းမပြန်သေးပါဘူး။