ရသေ့တောင်မြို့ပေါ် ဒုက္ခသည်စခန်းက လူငယ်သုံးဦး အဖမ်းခံရ

2022.05.17
ရသေ့တောင်မြို့ပေါ် ဒုက္ခသည်စခန်းက လူငယ်သုံးဦး အဖမ်းခံရ ၂၀၂၂ ခုနှစ်၊ မေလ ၁၆ ရက်နေ့က ဖမ်းဆီးခြင်းခံရသည့် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၊ ပြည်လုံးချမ်းသာဒုက္ခသည်စခန်းမှ လူငယ် သုံးဦးကို တွေ့ရစဉ်
Photo: Citizen Journalist

ရခိုင်ပြည်နယ် ရသေ့တောင်မြို့ပေါ် ပြည်လုံးချမ်းသာဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ လူငယ်သုံးဦးကို မေလ ၁၆ ရက် မနေ့ညနေက ရသေ့တောင်ကနေ့ ပုဏ္ဏားကျွန်းကို သွားတဲ့လမ်းမှာ စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးထားတယ်လို့ မိသားစုဝင်တွေက RFA ကို ဒီကနေ့ပြောပါတယ်။

အဖမ်းခံရသူတွေဟာ အသက် ၁၆ နှစ်အရွယ် ကျောက်တန်းရွာသား မောင်မောင်ညို၊ ခရုချောင်းရွာသား မောင်အောင်မျိုးခန့်နဲ့ အသက် ၁၈ နှစ်အရွယ် လိုင်ဂွင်ရွာက ကိုနေထက်ဦးတို့ ဖြစ်ပါတယ်။

သူတို့ဟာ ဆိုင်ကယ်တစ်စီးနဲ့အတူ ရသေ့တောင်ကနေ ပုဏ္ဏားကျွန်းကို အသွားမှာ အဖမ်းခံလိုက်ရတာလို့ မောင်ညိုရဲ့ မိသားစုဝင် ကိုမောင်ဆန်းဇော်က ပြောပါတယ်။

"ညနေ ၅ နာရီလောက်မှာ အမေ့ဆီကို သူ ဖုန်းဆက်လာတယ်။ သူတို့ကို စစ်သားတွေ ဖမ်းထားပြီ၊ ကူညီပေးပါ ဆိုပြီးပြောတယ်။ ဘယ်မှာဖမ်းထားတယ်ဆိုတာကိုတော့ အတိအကျ မသိရဘူး။ ကျနော်တို့ ထင်တာကတော့ ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်ကြားက စစ်တပ်စစ်ဆေးရေးဂိတ်မှာ အဖမ်းခံရတာလို့ ထင်တယ်။ သူတို့က ကလေးတွေဆိုတော့ မှတ်ပုံတင်တွေလည်း မရှိဘူးလေ"

ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်သုံးဦးဟာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲတွေ ကြောင့် ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကတည်းက မိဘတွေနဲ့အတူ ဒုက္ခသည်စခန်းမှာ ခိုလှုံနေတာ ဖြစ်ပြီး လက်ရှိ အဆက်အသွယ်မရတာကြောင့် မိသားစုဝင်တွေအားလုံး စိုးရိမ်ပူပန် နေကြတယ်လို့လည်း ဆိုပါတယ်။

စစ်ဘေးဒုက္ခသည်စခန်းက လူငယ်သုံးဦး အဖမ်းခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်နေပေမယ့် နေ့လယ် ၂ နာရီအထိ ခေါ်ဆိုလို့မရသေးပါဘူး။

ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်အကြား ကားလမ်းပေါ် သာစည်ရွာအနီး၊ လက်ဝဲစာတိုက်ရွာ အနီးနဲ့ ပိန္နဲတော ရွာအနီးတွေမှာ စစ်တပ်ရဲ့ စစ်ဆေးဂိတ်တွေရှိပြီး လမ်းသွားလမ်းလာတွေ ကို မှတ်ပုံတင်အပါအဝင် စစ်ဆေးမေးမြန်းတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။