ညောင်ရွှေမှာ လက်နက်ကြီးကြောင့် လူနှစ်ထောင်ကျော် ထွက်ပြေးနေရ

RFA Burmese
2025.02.12
ညောင်ရွှေမှာ လက်နက်ကြီးကြောင့် လူနှစ်ထောင်ကျော် ထွက်ပြေးနေရ လက်နက်ကြီးထိမှန် ပျက်စီးခဲ့သည့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် ရေပူကျေးရွာမှ နေအိမ်တစ်လုံးကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် တွေ့ရစဉ်။
Facebook/ The Human Right of Inle Region - အင်းလေးဒေသလူ့အခွင့်အရေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်မှာ စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ်ပူးပေါင်းတပ်တပ်ဖွဲ့တွေရဲ့ နေ့စဉ် လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ရွာငါးရွာက လူနှစ်ထောင်ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ပြောပါတယ်။

ပင်လောင်းမြို့နယ် မိုးဦးရွာ၊ သစ်ပင်ကောက်ကျေးရွာတွေဘက်ကနေ ညောင်ရွှေမြို့နယ်အတွင်းက ကျေးရွာတွေကို နေ့စဉ်လက်နက်ကြီးနဲ့ ပစ်ခတ်နေတာလို့ ဆိုပါတယ်။

နန်းတုတ်၊ ညောင်လေးပင်၊ ရေပူ၊ လွယ်နွဲ့နဲ့ ဘုရားတောင်ရွာတွေက ဒေသခံတွေ ထွက်ပြေးနေရတာလို့ နန်းတုတ်ရွာခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

"ခဏခဏ ပစ်ခံနေရတာက ရေပူနဲ့ ဘုရားကုန်းရွာက လူတွေလည်းသေတာရှိတော့ မနေရဲတော့ဘူး ပြေးနေကြရတာ။ အခု ကျွန်မတို့ရွာမှာပဲ ပြေးနေရတဲ့ လူငါးရာကျော်ရှိပြီ။ တခြားရွာတွေရော ပြေးကြတာ။ အကုန်လုံးဆို နှစ်ထောင်ကျော် ရှိတယ်"

ထွက်ပြေးနေရသူတွေဟာ ညောင်ရွှေမြို့ပေါ်နဲ့ ဘေးလွတ်ရာ ရွာတွေတွေကို တိမ်းရှောင်ထွက်ပြေးရတာလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ဖေဖော်ဝါရီလ ၅ ရက်နေ့က ညောင်ရွှေမြို့နယ်၊ လွယ်နွဲ့ရွာအနီးမှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းကို စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ်ပူးပေါင်းအဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် ရွာခံတစ်ဦးနဲ့ ဒုက္ခသည်တစ်ဦး သေဆုံးပြီး နောက်ထပ် ခုနစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီလ ၁၇ ရက်နေ့ကလည်း ညောင်ရွှေမြို့နယ်၊ ဘုရားတောင်ရွာကို စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ်ပူးပေါင်းအဖွဲ့က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သား သုံးဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလ ၁၃ ရက်နေ့ကတည်းက ဆီဆိုင်၊ ပင်လောင်းနဲ့ ညောင်ရွှေမြို့နယ်ထဲက ရွာတွေကို စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ်ပူးပေါင်းအဖွဲ့က စစ်ကြောင်းထိုးနေပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ရှိနိုင်တယ်လို့ ယူဆရတဲ့နေရာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် အရပ်သားတွေ ထိခိုက်မှုရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။