ညောင်ရွှေမှာ ဒုက္ခသည်စခန်း တိုက်ခိုက်ခံရပြီး နှစ်ဦး သေ၊ ခုနစ်ဦး ဒဏ်ရာရ
2025.02.05

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ လွယ်နွဲ့ရွာအနီးမှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းကို စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် ပူးပေါင်းအဖွဲ့က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် ရွာခံတစ်ဦးနဲ့ ဒုက္ခသည်တစ်ဦး သေဆုံးပြီး နောက်ထပ် ခုနစ်ဦး ဒဏ်ရာရထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူတွေဟာ လွယ်နွဲ့ရွာက အသက် ၇၄ နှစ်အရွယ် ဦးပြားနဲ့ လွိုင်ကော်မြို့ကနေ စစ်ဘေးတိမ်းရှောင်လာတဲ့ အသက် ၄၄ နှစ်အရွယ် ကိုဖိုး၀တို့ ဖြစ်ပါတယ်။ ဒဏ်ရာရသူ ခုနစ်ဦးထဲမှာ အမျိုးသား ငါးဦး၊ အမျိုးသမီး နှစ်ဦး ပါဝင်ပြီး အသက် ၅၄ နှစ်အရွယ် အမျိုးသားတစ်ဦးကတော့ ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။
ညောင်ရွှေမြို့ရဲ့ ဘီလူးချောင်း တစ်ဖက်ကမ်းမှာရှိတဲ့ ပင်လောင်းမြို့နယ် မိုးဦးရွာကနေ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူစစ် ပူးပေါင်းအဖွဲ့က ပစ်ခတ်ခဲ့တာလို့ ဒုက္ခသည်စခန်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
“ဒီမနက်မှာ လက်နက်ကြီး ပစ်လာတာ မနက်လင်းကတည်းကပဲ။ လွယ်နွဲ့ဘက်ကိုက အနည်းဆုံး ခြောက်လုံး ကျတယ်။ လွယ်နွဲ့ရွာနဲ့က ဘီလူးချောင်း ဟိုဖက်ကမ်း ဒီဘက်ကမ်းခြားတဲ့ မိုးဦးရွာဘက်ကနေ လှမ်းပစ်လိုက်တာ။ သေတာက နှစ်ယောက်ရှိတယ်။ ဒဏ်ရာရတာက ခုနစ်ယောက်ရှိတယ်”
လွယ်နွဲ့ရွာ ဘုရားကုန်းနေရာမှာ ပင်လောင်း၊ ဖယ်ခုံ၊ လွိုင်ကော်မြို့တွေကနေ တိုက်ပွဲကြောင့် ထွက်ပြေးလာသူတွေနဲ့ ဒေသခံ ငါးထောင်ကျော် စုပေါင်းနေထိုင်ကြတာပါ။
လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု အခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
ဇန်နဝါရီလ ၁၇ ရက်နေ့ကလည်း ညောင်ရွှေမြို့နယ်၊ ဘုရားတောင်ရွာကို စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် ပူးပေါင်းအဖွဲ့က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သား သုံးဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် ပူးပေါင်းအဖွဲ့ဟာ ဇန်နဝါရီလ ၁၃ ရက်နေ့ကတည်းက ဆီဆိုင်၊ ပင်လောင်းနဲ့ ညောင်ရွှေမြို့နယ်ထဲက ရွာတွေကို စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။
စစ်ကြောင်းထိုးချိန် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ရှိနိုင်တယ်လို့ ယူဆရတဲ့နေရာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။