စစ်ဘေးကြုံနေတဲ့ မြန်မာနိုင်ငံကို လူသားချင်းစာနာမှု အကူအညီတွေပေးနိုင်ရေး အာဆီယံ နိုင်ငံတွေရဲ့ ဆွေးနွေးပွဲတစ်ခုကို ကမ္ဘောဒီးယားနိုင်ငံ မြို့တော် ဖနွမ်းပင်မှာ ဒီကနေ့ ကျင်းပ ခဲ့တယ်လို့ AP သတင်းမှာ ဖော်ပြထားပါတယ်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက ဦးဆောင်ကျင်းပတဲ့ ဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံက အဆင့်မြင့်ကိုယ်စားလှယ်တွေအပါအဝင် အာဆီယံနိုင်ငံတွေက ကိုယ်စား လှယ်တွေ၊ ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေလည်း တက်ရောက်ကြပြီး တချို့ကိုယ်စားလှယ်တွေက အွန်လိုင်းကနေ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။
ဒီနေ့ ကျင်းပတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ဆွေးနွေးမှုဟာ ပြီးခဲ့တဲ့နှစ် ဧပြီလတုန်းက အာဆီယံနိုင်ငံတွေအကြား မြန်မာ့အရေးနဲ့ ပတ်သက်ပြီး သဘောတူညီခဲ့ ကြတဲ့ အချက်ငါးချက်ကို အကောင်အထည်ဖော်ရေး ကြိုးပမ်းမှုတစ်ခုလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ရေး၊ ပဋိပက္ခမှာ ပါဝင်ပတ်သက်နေတဲ့ အင်အားစုတွေအကြား တွေ့ဆုံဆွေးနွေးကြရေး၊ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ကြားဝင်ညှိနှိုင်းမှုကို လက်ခံရေး၊ အထူးကိုယ်စားလှယ်က သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးရေးဆိုတဲ့ အချက်ငါးချက်ကို မြန်မာ အပါအဝင် အာဆီယံနိုင်ငံတွေအကြား သဘောတူခဲ့ကြတာပါ။ ဒါပေမဲ့ ဒီအချက်တွေ ကို မြန်မာဘက်က အကောင်အထည်မဖော်သလောက် ဖြစ်နေပါတယ်။ အဲဒါကြောင့်လည်း အာဆီယံဆွေးနွေးပွဲမှာ မြန်မာဘက်က ခေါင်းဆောင်တွေ မတက်နိုင်အောင် ပြီးခဲ့တဲ့ အောက်တိုဘာလကစပြီး တားမြစ်ခဲ့ပါတယ်။
ဒီအတောအတွင်း မြန်မာ့ပြည်တွင်းစစ်က အရှိန်မြင့်လာခဲ့ပါတယ်။ မြန်မာစစ်တပ်ရဲ့ ကြီး မားတဲ့ စစ်ဆင်ရေးတွေအတွင်း လေကြောင်းတိုက်ခိုက်မှုတွေလည်း လုပ်နေတာကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူတွေ များသထက် များလာနေပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း နေရပ်စွန့်ခွာထွက်ပြေးရသူပေါင်း ခြောက်သိန်းနီးပါး ရှိလာ နေတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းတွက်ချက်ထားပါတယ်။ အရင်ကရှိနေတဲ့ နေရပ်စွန့် ခွာသူတွေနဲ့ပါပေါင်းရင် လူကိုးသိန်းကျော် နေရပ်မပြန်နိုင်ဘဲ ဖြစ်နေပါတယ်။
ဒီဒုက္ခသည်တွေဆီ အကူအညီတွေရောက်ဖို့က တားဆီးကန့်သတ်မှုတွေ ကြီးကြီးမားမား ရှိနေတုန်းပဲလို့ ကုလသမဂ္ဂက ပြောထားပါတယ်။