အာဆီယံအသင်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဟာ လာမယ့်အပတ်မှာ မြန်မာနိုင်ငံကို ရောက်လာလိမ့်မယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ပြောတဲ့အကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။
အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်း (Prak Sokhonn) ရဲ့ ပထမအကြိမ် မြန်မာပြည်ခရီးစဉ်အတွင်း စစ်အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံပြီး အကြမ်းဖက် ရက်စက်မှုတွေ ရပ်တန့်အောင် မဖြစ်မနေလုပ်ဆောင်ရေးကိစ္စတွေကို ဆွေးနွေးချင်တယ်လို့ ဆိုပါတယ်။
အာဆီယံရဲ့ အထူးကိုယ်စားလှယ်ကို မြန်မာ့အရေးနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံခွင့် ရရေးအပါအဝင် အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဘုံသဘောတူချက်တွေကို ထိထိရောက်ရောက် အကောင်အထည် မဖော်မချင်း မြန်မာစစ်ဗိုလ်ချုပ်တွေကို အာဆီယံ အစည်းအဝေးတွေမှာ မပါနိုင်အောင် အာဆီယံ အသင်းက ကန့်သတ်ထားပါတယ်။
အထူးကိုယ်စားလှယ်ရဲ့ အခုခရီးစဉ်မှာ မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ အဖွဲ့တွေအားလုံးနဲ့ တွေ့ဆုံရေးနဲ့ အကြမ်းဖက်မှု တွေ ရပ်တန့်အောင်လုပ်ဆောင်ရေး လက်ခံနိုင်မယ့် အခြေ အနေတစ်ခု ဖန်တီးနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။
မတ်လ ၂၁ ရက်ကနေ ၂၃ ရက်နေ့အထိ သုံးရက်ကြာမယ့် ခရီးစဉ်အတွင်း နိုင်ငံရေးအရ တွေ့ဆုံညှိနှိုင်းမှုတွေ ဖြစ်ပေါ်လာအောင် တိုက်တွန်းသွားဖို့ ရည်ရွယ်ထားပြီး ဘယ်သူတွေနဲ့ တွေ့မလဲဆိုတာကိုတော့ မပြောနိုင် သေးဘူးလို့ ဆိုပါတယ်။
မြန်မာ့အရေးပြေလည်မှုရရှိဖို့ အခက်အခဲတွေ အများကြီးရှိနေတယ်ဆိုတာ သေချာပေမယ့် ဒီလိုပဲ တစ်လှမ်းချင်း ရှေ့ကို တိုးသွားရလိမ့်မယ်လို့လည်း ကမ္ဘောဒီးယားနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Chum Sounary က ဆိုပါတယ်။