ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖိတ်ကြားမှု အာဆီယံ ပြန်ရုပ်သိမ်းသင့်ကြောင်း HRW တိုက်တွန်း

2021.04.21
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖိတ်ကြားမှု အာဆီယံ ပြန်ရုပ်သိမ်းသင့်ကြောင်း HRW တိုက်တွန်း အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။
Photo: AFP

လာမယ့်စနေနေ့ ဧပြီလ ၂၄ရက်နေ့ကျရင် ASEAN အရှေ့တောင်အာရှနိုင်ငံများအသင်းက အင်ဒိုနီးရှားနိုင်ငံမှာ ထိပ်သီးဆွေးနွေးပွဲကျင်းပပြီး မြန်မာ့အရေးဆွေးနွေးကြမယ့် အစီအစဉ်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖိတ်ကြားထားတာကို ချက်ချင်း ပြန်ရုပ်သိမ်းသင့်တယ်လို့ Human Rights Watch လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က မနေ့က သတင်းထုတ်ပြန်ပါတယ်။

မြန်မာစစ်ခေါင်းဆောင်ကို အစည်းအဝေးတက်ဖို့ ဖိတ်ကြားလိုက်တာဟာ ဒီမိုကရေစီနည်းကျ ရွေးချယ်ခံထားရတဲ့ အစိုးရကို အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီရဲ့ခေါင်းဆောင်ကို တရားဝင်မှုရှိကြောင်း အာဆီယံက အသိအမှတ်ပြုရာ ရောက်နေတယ်လို့လည်း HRW အဖွဲ့က ထောက်ပြထားပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဖေဖော်ဝါရီလ ၁ရက်နေ့ စစ်အာဏာ သိမ်းပြီးနောက်ပိုင်းမှာရော၊ အာဏာမသိမ်းခင်ကာလတွေမှာရော ကာကွယ်ရေး ဦးစီးချုပ်အဖြစ်နဲ့ လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်တာတွေကြောင့် အမေရိကန်၊ အင်္ဂလန်နဲ့ ဥရောပသမဂ္ဂနိုင်ငံတွေက သူ့ကို ဘဏ္ဍာရေးအရ ရော၊ ခရီးသွားလာခွင့်အရပါ အရေးယူပိတ်ဆို့မှုတွေပြုလုပ်တာကို ခံထားရသူဖြစ်တယ်လို့ Human Rights Watch အဖွဲ့က ထောက်ပြထားပါတယ်။

အဲဒါကြောင့် မြန်မာနိုင်ငံမှာ အကျပ်အတည်းဖြစ်အောင် ဖန်တီးတဲ့သူ၊ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို ရက်ရက်စက်စက် ဖြိုခွဲတဲ့သူ၊ နိုင်ငံတကာက အရေးယူဒဏ်ခတ် ပိတ်ဆို့တာကို ခံထားရတဲ့ မြန်မာစစ်ခေါင်းဆောင်ကို အာဆီယံအသင်းက လက်ခံကြိုဆိုတာမျိုး မလုပ်သင့်ဘူးလို့ HRW အဖွဲ့ရဲ့ အာရှရေးရာညွှန်ကြားရေးမှူး Brad Adams ကပြောပါတယ်။

မြန်မာစစ်ခေါင်းဆောင်ကို အာဆီယံထိပ်သီးဆွေးနွေးပွဲကို တက်ဖို့ ဖိတ်မယ့်အစား စစ်အုပ်စုနဲ့စစ်ခေါင်းဆောင်တွေကို အထောက်အပံ့ဖြစ်စေတဲ့ စီးပွားရေးလုပ်ငန်းတွေကို ပစ်မှတ်ထားပြီး အရေးယူ ပိတ်ဆို့တာတွေ လုပ်သင့်ကြောင်း၊ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့၊ အနိုင်ကျင့် စော်ကားမှုတွေကို အဆုံးသတ်ဖို့နဲ့ ဒီမိုကရေစီနည်းကျ ရွေးထားတဲ့ အစိုးရပြန်ရှိလာအောင် တွန်းအားပေးလုပ်ဆောင်သင့်ကြောင်းလည်း Human Rights Watch အဖွဲ့က ပြောဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။