အာဆီယံအထူးကိုယ်စားလှယ်နဲ့ NLD သမ္မတဟောင်းကတော် တွေ့မည်

အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းရဲ့ မြန်မာခရီးစဉ်အတွင်း အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီ (NLD) သမ္မတဟောင်း ဦးထင်ကျော်ရဲ့ ဇနီး NLD ပါတီ အရန်ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်စုစုလွင်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ အထူးကိုယ်စား လှယ်ရဲ့ ခရီးစဉ်အကြောင်း သိရှိထားတဲ့ သတင်းရင်းမြစ်တစ်ဦးက RFA ကို မတ်လ ၁၈ ရက် ဒီနေ့ ပြောပါတယ်။

ဒီအကြောင်းအသေးစိတ်သိနိုင်ဖို့ ကာယကံရှင်ဖြစ်တဲ့ ဒေါ်စုစုလွင်ကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုလုပ်ငန်းကော်မတီအဖွဲ့ဝင် ဦးကျော်ထွေး ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ကိုယ်စားပြုနိုင်တဲ့သူဟာ ဒေါ်အောင်ဆန်းစုကြည် တစ်ဦးပဲရှိတယ်လို့ RFA ကို ပြောပါတယ်။

ဒေါ်စုစုလွင်ဟာ NLD ပါတီကိုယ်စားပြုပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ရာမှာ ရန်ကုန်တိုင်း သုံးခွမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရပေမယ့် စစ်တပ်က ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်းကလည်း မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ ဂျပန် အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါဟာ ဒေါ်စုစုလွင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

အခု မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်မယ့် အာဆီယံအထူးကိုယ်စားလှယ် ကလည်း ဒေါ်စုစုလွင်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ပရက်ဆော့ခွန်းဟာ မြန်မာခရီးစဉ်မလာခင် မတ်လ ၇ ရက်မှာ ဂျပန်အထူး ကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါနဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။

ပရက်ဆော့ခွန်းဟာ မတ်လ ၂၀ ရက်မှာ မြန်မာနိုင်ငံကိုလာမှာဖြစ်ပြီး ခရီးစဉ်အတွင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်း ရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် အပါအဝင် စစ်ကောင်စီအစိုးရဝန်ကြီး တချို့နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ နိုင်ငံရေးပါတီတချို့နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ဖို့ စီစဉ်ထားပြီး အဲဒီထဲမှာ ၈၈ ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီ၊ ဦးစိုင်းညွန့်လွင် ဦးဆောင်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တို့လည်း ပါဝင်ပါတယ်။

NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့ရဲ့ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) နဲ့ တွေ့ဆုံမယ့် အစီအစဉ်ကိုတော့ အချိန်မလုံ လောက်တဲ့အတွက် ဖျက်သိမ်းလိုက်တယ်လို့ PPST ခေါင်းဆောင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

အခုလို အစီအစဉ်ပျက်သွားတဲ့အတွက် တိုင်းရင်းသားဒေသတွေမှာ စစ်ဘေးဒုက္ခသည်တွေ ကို လူသားချင်း စာနာမှုဆိုင်ရာ အကူအညီအထောက်အပံ့ပေးနိုင်ရေးကိစ္စတွေ နှောင့်နှေး သွားနိုင်တယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

ပရက်ဆော့ခွန်းရဲ့ မြန်မာခရီးစဉ်အကြောင်း ပိုပြီးပြည့်ပြည့်စုံစုံသိနိုင်ဖို့ စစ်ကောင်စီပြော ခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က မတ်လ ၁၇ ရက်နေ့ကတည်းက ဆက်သွယ်နေ ပေမယ့် အကြောင်းမပြန်သေးပါဘူး။