တမူးတိုက်ပွဲကနေ ထွက်ပြေးတဲ့ ကသည်းလက်နက်ကိုင်ငါးဦးကို အာသံရိုင်ဖယ်တပ် ဖမ်းဆီး

RFA Burmese
2025.02.16
တမူးတိုက်ပွဲကနေ ထွက်ပြေးတဲ့ ကသည်းလက်နက်ကိုင်ငါးဦးကို အာသံရိုင်ဖယ်တပ် ဖမ်းဆီး အာသံရိုင်ဖယ်တပ်မှ ဖမ်းဆီးထားသည့် ကသည်းလက်နက်ကိုင်အချို့ကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ထုတ်ပြန်ထားစဥ်။
Facebook/ Manipur Police Photo

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်က စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတွေရဲ့ တိုက်ပွဲတွေကနေ ထွက်ပြေးတိမ်းရှောင်သွားတဲ့ ကသည်းလက်နက်ကိုင်တပ်ဖွဲ့ဝင် ငါးဦးကို အာသံရိုင်ဖယ်တပ်က ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက RFA ကို အတည်ပြုပြောပါတယ်။

အဲဒီ ကသည်းလက်နက်ကိုင် ငါးဦးနဲ့အတူ လက်နက်ခဲယမ်းတွေကို တမူးမြို့နယ်နဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ် ၊ တင်နိုပယ်ခရိုင်၊ လိုင်းချင်းမီးနူး (Laiching Minou) မှာ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

တမူးမြို့နယ်က တိုက်ပွဲတွေမှာ ကသည်းလက်နက်ကိုင်တပ်အပြင် နာဂလက်နက်ကိုင်နဲ့ ရှမ်းနီ လက်နက်ကိုင်တပ်တို့ဟာ စစ်ကောင်စီဘက်ကနေ အတူ ပါဝင်တိုက်ခိုက်နေတာလို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကသည်းတွေ နယ်စပ်မှာ ဖမ်းဆီးခံရတာ ဟုတ်ပါတယ်။ အာသံရိုင်ဖယ်တပ်က ဖမ်းမိတာ။ ကသည်းတွေကို မကြာမကြာ ဖမ်းမိနေကြပေမဲ့ ဒီတစ်ခေါက်ကတော့ ပန်းသာဘက်က ထွက်ပြေးလာတဲ့ ကသည်းတွေလို့ ကြားပါတယ်။ ပန်းသာနဲ့ ကျွန်းပင်သာက အထိုင်စခန်းတွေမှာ ကသည်းတွေ၊ နာဂနဲ့ ရှမ်းနီလည်း ပါတယ်လေ”

လက်ရှိမှာလည်း တမူးမြို့နယ်အတွက်း တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်က ပန်းသာနဲ့ ကျွန်းပင်သာရွာက အရပ်သားတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ က အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့နယ်မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ဖမ်းဆီးရမိခဲ့တဲ့ ကသည်း လက်နက်ကိုင်တစ်ဦးနဲ့ ရုပ်အလောင်း သုံးခုကို အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ရဲ့ အစီအစဥ်နဲ့ အိန္ဒိယအစိုးရထံ လွှဲပြောင်းပေးခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်က တစ်စုံတစ်ရာ ထုတ်ပြန်တာမျိုး မရှိသေးသလို စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံမဖြေဆိုပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။