အဂတိလိုက်စားမှုနဲ့ တိုင်ကြားခံရတဲ့ တိုင်းလွှတ်တော် ကိုယ်စားလှယ်ကို စိစစ်ပြီးဖြစ်


2018.06.02
eainmae-622.jpg ဧရာဝတီတိုင်း အိမ်မဲမြို့ကို တွေ့ရစဉ်
.

ကျေးရွာမီးလင်းရေးအတွက် ငွေကျပ်သိန်း ၁ဝဝ တောင်းခံတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့ နယ်က လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မြိုင်ကို လွှတ်တော်ကိုယ်စားလှယ် စိစစ်ရေးကော်မတီက စစ်ဆေးပြီးဖြစ်တယ်လို့ တိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ဒီနေ့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့က ဦးအောင်ကျော်မြိုင်နဲ့ ကျေးရွာမီးလင်းရေး ကော်မတီဝင်တွေကို လွှတ်တော်ကိုယ်စား လှယ် စိစစ်ရေးကော်မတီက ခေါ်ယူစစ်ဆေးခဲ့တာဖြစ်တယ်လို့ လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ပြောပါတယ်။

"လွှတ်တော်ကလည်း လွှတ်တော်ကိုယ်စားလှယ် စိစစ်ရေးကော်မတီကလည်း တစ်နေ့က ထွက်ချက်တော့ ယူထားတယ်။ အစီရင်ခံစာတော့ မရောက်သေးဘူး။ ရောက်မှာပါ။ ၁ ရက် ၂ ရက်နေရင်။ ကော်မတီက သုံးသပ်ချက် ကျနော့်ဆီ ရောက်မယ်လေ။ ရောက်တော့မှ ကိုယ်စားလှယ်နဲ့ ပတ်သက်ပြီးတော့မှ ပါတီ စီမံခန့်ခွဲမှုတွေ ရှိသေးတယ်လေ။ အဲဒါ နည်းနည်းလည်း အရေးပါတဲ့ကိစ္စကိုး။ စီအီးစီတွေပါ ပါဝင်ပြီးတော့ ဖွဲ့စည်းထားတဲ့ကိစ္စ။ အဲဒီကနေ လာမယ့် လွှတ်တော်၊ အစိုးရ၊ ပါတီ ဆုံတွေ့တာ လတိုင်းရှိတာကိုး၊ အဲဒီတော့မှ ဆွေးနွေးရမယ်"

ဦးအောင်ကျော်မြိုင်ဟာ ညောင်ကုန်းချောင်းဖျား မီးလင်းရေးအတွက် ကျင့်ဝတ်နဲ့မညီဘဲ ငွေကြေးတောင်းခံခဲ့ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ စီမံခန့်ခွဲခွင့်ကို လွဲမှားစွာ အသုံးပြုတဲ့အကြောင်း စစ်ဆေးတွေ့ရှိထားတယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌထံ အကြောင်းကြားစာ ပေးပို့ခဲ့တာဖြစ်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် တကောကျေးရွာ မီးလင်းရေးအတွက် ဘတ်ဂျက်ခွင့်ပြုချက်ရရှိခဲ့တဲ့ ထရန်စဖော်မာကို တကောကျေးရွာမှာ မလိုအပ်တာကြောင့် ညောင်ကုန်းချောင်းဖျားကျေးရွာအတွက် ဘတ်ဂျက်ခေါင်း စဉ်ပြောင်းလဲပြီး အသုံးပြုခွင့်ရယူဖို့ ဌာနဆိုင်ရာအဆင့်ဆင့်ကို ငွေပေးရမယ်ဆိုကာ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မြိုင်က ဒေသခံတွေဆီကနေ ငွေကြေးကောက်ယူခဲ့တာဖြစ်ပါတယ်။

ဦးအောင်ကျော်မြိုင်နဲ့ ပတ်သက်ပြီး NLD ပါတီထံလည်း တိုင်ကြားစာရောက်ရှိထားတဲ့အတွက် တိုင်ကြားသူကို ပါတီစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ခေါ်ယူစစ်ဆေးပြီးဖြစ်သလို ကာယကံရှင် ဦးအောင်ကျော်မြိုင်ကိုလည်း စစ်ဆေးကာ အရေးယူသွားမယ်လို့ ပါတီစည်းကမ်းထိန်းသိမ်းရေး တာဝန်ခံ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။