ပွင့်လင်းမြင်သာမှုရှိရေး ပြောဆိုခဲ့သူကို အသရေဖျက်မှုနဲ့ တရားစွဲ


2018.08.16
aungnaingoo-tanintharyi-622.jpg တနင်္သာရီတိုင်း တရားဥပဒေစိုးမိုးရေးဌာနနဲ့ တရားမျှတမှုများဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဦးအောင်နိုင်ဦး ကို တွေ့ရစဉ်
Photo: Aung Naing Oo's Facebook

ပုဂ္ဂလိကလုပ်ငန်းရှင်တွေအနေနဲ့ ပွင့်လင်းမြင်သာမှုရှိသင့်ကြောင်းပြောဆိုခဲ့တဲ့ တနင်္သာရီတိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးဆိုင်ရာ ညှိနှိုင်းရေးအရာရှိတစ်ဦးကို လုပ်ငန်းရှင် တစ်ဦးက အသရေဖျက်မှုနဲ့ တရားစွဲ ဆိုထားတယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်က ကုမ္ပဏီတခုရဲ့ ရှင်းလင်းပွဲမှာ မှတ်ချက်ပေးပြောကြားခဲ့တာနဲ့ ပတ်သက်လို့ တနင်္သာရီတိုင်းဒေသ ကြီး တရားဥပဒေစိုးမိုးရေးဌာနနဲ့ တရားမျှတမှုများဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် ဦးအောင်နိုင်ဦး အပါအဝင် တက်ရောက်ခဲ့သူ ၃၁ ဦးကို အုတ်လုပ်ငန်းရှင်တစ်ဦးက မြိတ်ခရိုင်တရားရုံးမှာ ဒီသြဂုတ်လအတွင်းက အသရေဖျက်မှုနဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

တရားစွဲခံထားရတဲ့ ဦးအောင်နိုင်ဦးကတော့ ပုဂ္ဂိုလ်ရေး ထိခိုက်အောင် ပြောဆိုထားတာ မရှိဘူးလို့ ပြောပါတယ်။

"အဲဒီအမှုတွဲကြီးကို ကျနော်အပါအဝင် စုစုပေါင်း၃၁ ယောက်ကို သူတို့တင်တယ်ဗျာ၊ တရားရုံးကို ကိုယ့်ဘက်ခြမ်းက ကိုယ်မပြောကြောင်း သက်သေအထောက်အထားတွေ အများကြီးရှိတယ်လေ၊ ကိုယ်တို့ဆီမှာ ပုဂ္ဂိုလ်ရေးထိခိုက်ပြီးတော့ ပြောထားတာ ဘယ်သူမှမရှိဘူး ပြောလေ့ပြောထလည်း မရှိဘူး ပြောလည်းမပြောကောင်းဘူး"

ပြီးခဲ့တဲ့ ၂ နှစ်က မြိတ်အနာဂတ်ဖွံ့ဖြိုးရေးကုမ္ပဏီက အိမ်ယာစီမံကိန်းနဲ့ ပတ်သက်တဲ့ ရှင်းလင်းပွဲပြုလုပ်ခဲ့ရာ အဲဒီပွဲမှာ ဦးအောင်နိုင်ဦးက ကုမ္ပဏီက မှတ်ချက်ပေးခိုင်းတာကြောင့် ကုမ္ပဏီတွေအနေနဲ့ ပွင့်လင်းမြင်သာစွာ ချပြသင့်တယ်လို့ ပြောခဲ့ပါတယ်။

အုတ်လုပ်ငန်းရှင်က အဲဒီပွဲမှာ သူ့ကိုထိခိုက်အောင် ပြောဆိုမှုတွေရှိတယ်ဆိုပြီး ဦးအောင်နိုင်ဦး အပါအဝင် ပွဲတက်ရောက်ခဲ့တဲ့သူတွေထဲက  ၃၁ ဦးကို အသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ တရားစွဲခဲ့တာဖြစ်ပါတယ်။

ဒီ ၃၁ ဦးတရားစွဲခံရတဲ့အမှုကို မြို့နယ်တရားရုံးက သက်သေမခိုင်တာကြောင့် ပယ်ချခဲ့ပေမဲ့ မြိတ်ခရိုင်တရားရုံးက လက်ခံခဲ့ပြီး လာမယ့် ၂၁ ရက်နေ့မှာ ရုံးချိန်း ချိန်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။