တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ဆန်းချီရပ်ကွက် က မြို့သစ်စီမံကိန်းအတွက် မြို့နယ်အုပ်ချုပ်ရေးဦးစီး ဌာနက မနေ့က ခြံစည်းရိုးဝင်ခတ်တာကို ဖျက်ဆီးခဲ့တဲ့ လယ်သမား ၉ ဦးနဲ့ အကူအညီပေးနေတဲ့ ကျောင်းသား ၅ ဦး၊ စုစုပေါင်း ၁၄ ဦးကို ထားဝယ်မြို့နယ်ရဲစခန်းက ပုဒ်မ နှစ်ခုနဲ့ အမှုဖွင့်လိုက်ပါတယ်။
ပိုင်နက်ကျူးကျော်မှု၊ ဆဲဆိုမှုပုဒ်မတွေနဲ့ ထားဝယ်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူးက အမှုဖွင့်လိုက်တာဖြစ်တယ်လို့ အမှုဖွင့်ခံရသူ ၁၄ ဦးထဲက တောင်သူ ဒေါ်ရီရီထွေး က ပြောပါတယ်။
"လယ်သမားတွေက သူတို့လယ်ကို အဲ့ဒီလို လာဖျက်ဆီးတယ်ဆိုတော့ တိုင်တွေဘာတွေကို ဆွဲနှုတ်တာပေါ့နော်၊ အဲ့နေ့မှာ ကျောင်းသားတွေက ဘာမှမလုပ်ဘူးပေါ့နော်၊ လယ်သမားတွေဘေးမှာ သူတို့ကရပ်ပေးနေကြတာပေါ့၊ အဲ့လိုရပ်ပေးတဲ့ အတွက်ကြောင့် လယ်သမားကို ကျောင်းသားနဲ့အတူ တရားစွဲလိုက်တယ်ပေါ့"
ထားဝယ်မြို့သစ်စီမံကိန်းအတွက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က ဆန်းချီရပ်ကွက်မှာရှိတဲ့ လယ်မြေဧက ၃၀၀ ကျော်ကို သိမ်းယူခဲ့ပါတယ်။
လယ်မြေလျော်ကြေးတွေပေးခဲ့ပေမဲ့ လျော်ကြေးငွေလက်မခံတဲ့ လယ်သမားတွေလည်း ရှိနေပါတယ်။ လျော်ကြေးမယူထားတဲ့ လယ်မြေတွေမှာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးက မကြာခဏ ခြံစည်းရိုးဝင်ခတ်နေတဲ့အတွက် လယ်သမားတွေနဲ့ ပြဿနာဖြစ်ပွားနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဇူလိုင်လကလည်း မြေကွက်တွေဖော်တဲ့ အုပ်ချုပ်ရေးအဖွဲ့နဲ့ လယ်သမားတွေအကြား ပဋိပက္ခဖြစ်ပွားပြီး တောင်သူ ၂၀ လောက်ဟာ ဝတ္တရားနှောင့်ယှက်မှုနဲ့ တရားရင်ဆိုင်နေရပါတယ်။