လူဦးရေတစ်သောင်းကျော်ကို ဧရာဝတီတိုင်း အစိုး ရ နေရာရွှေ့ပြောင်းပေး


2016.10.24
storm-refugees-620.jpg မုန်တိုင်းသတိပေးချက်ကြောင့် လပွတ္တာမြို့ပေါ်ကဘုန်းကြီးကျောင်းတွေကို တိမ်းရှောင်လာသူတချို့ကို အောက်တိုဘာလ ၂၃ ရက်နေ့က တွေ့ရစဉ်
Photo: လပွတ္တာသူ/သားများဆုံဆည်းရာ/ Facebook

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာ၊ မော်လမြိုင်ကျွန်းနဲ့ ဟိုင်းကြီးကျွန်းမြို့တွေက လူဦးရေ တစ်သောင်းကျော်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့က Cyclone Shelter လို့ခေါ်တဲ့ မုန်တိုင်းဒဏ်ခံနိုင်တဲ့ အဆောက်အဦးတွေနဲ့ ကုန်းမြင့်တဲ့ ဘုန်းကြီးကျောင်းတွေမှာ ပြောင်းရွှေ့နေရာချထားပေးနေပါတယ်။

မုန်တိုင်းဝင်ရောက်မယ်လို့ ခန့်မှန်းထားတဲ့နေရာတွေဖြစ်တဲ့ လပွတ္တာမြို့နယ်က လူဦးရေ ၄ ထောင်ကျော်၊ မော်လ မြိုင်ကျွန်းက လူဦးရေ ငါးထောင်နီးပါးနဲ့ ဟိုင်းကြီးကျွန်းက လူဦးရေ တစ်ထောင်ကျော်တို့ကို ပြောင်းရွှေ့ပေးနေ တာ ဖြစ်ပါတယ်။

မုန်တိုင်းဝင်ရောက်လာရင် စားနပ်ရိက္ခာပြတ်လပ်မှုမရှိစေဖို့အတွက် ဟိုင်းကြီးကျွန်းကို ဆန်အိတ် ၁၀၀ ကျော် ဒီနေ့ ပို့ဆောင်ထားကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှု လက်မှုနဲ့ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောပါတယ်။

မုန်တိုင်းကြောင့် ဧရာဝတီတိုင်းအတွင်းက စာသင်ကျောင်းပေါင်း လေးထောင်ကျော်ကိုလည်း ပိတ်ထားတယ်လို့ သိရပါတယ်။

မုန်တိုင်းကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်နဲ့ ရခိုင်ပြည်နယ်တောင်ပိုင်း၊ သံတွဲခရိုင်တို့မှာ ဒီရေဟာ ၇ ပေကနေ ၁၀ ပေအထိ မြင့်တက်နိုင်တယ်လို့ သတိပေးကြေညာထားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။