ဝင်းနိမ္မိတာရုံဆရာတော် ပစ်ခတ်ခံရမှု စိစစ်အရေးယူမည်ဟု စစ်ကောင်စီ ထုတ်ပြန်

စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက် နာယကဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန်တော်မှုခဲ့တဲ့ဖြစ်စဉ်ကို ပြန်လည် စိစစ်အရေးယူသွားမယ်လို့ စစ်ကောင်စီက ဇွန်လ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။

ဇွန် ၁၉ ရက်နေ့က မန္တလေးကို လေကြောင်းနဲ့ကြွချီခဲ့ပြီးနောက် တံတားဦးလေဆိပ်အထွက်မှာ ကားကိုသေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်ကြီး ပျံလွန်တော်မူခဲ့ရတာပါ။

ဒီဖြစ်စဉ်ကို စစ်ကောင်စီက သတင်းထုတ်ပြန်ရာမှာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေက ပစ်ခတ်ခဲ့တာဖြစ်ကြောင်း ကနဦး ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ ဖြစ်စဉ်မှာ ပါဝင်တဲ့ ကန်သုံးဆင့်ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ဂုဏိကာဘိဝံသ က ဒီပစ်ခတ်မှုကို စစ်ကောင်စီတပ်သားတွေက ကျူးလွန်ခဲ့တာဖြစ်တယ်လို့ ဇွန်လ ၂၀ ရက်မှာ သံဃာထုကို မိန့်ကြားခဲ့ပါတယ်။

အဲဒီနောက် စစ်ကောင်စီရဲ့ ပဲခူးတိုင်း ဝန်ကြီးချုပ်ကလည်း အချက်အလက်မှားယွင်းပြီး သတင်းထုတ်ပြန်ခဲ့မိကြောင်း ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်တွေဆီ လာရောက်ဝန်ခံခဲ့သလို စစ်ကောင်စီကလည်း ပြန်လည်စိစစ်အရေးယူမယ့်အကြောင်း ထုတ်ပြန်လာတာပါ။

ဓမ္မဒူတ ဗုဒ္ဓတက္ကသိုလ်နဲ့ မျိုးချစ်ရဟန်းတော်များသမဂ္ဂ (ရန်ကုန်)တို့ကလည်း ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက် နာယက ဆရာတော် ဘဒ္ဒန္တမုနိန္နာဘိဝံသ ပျံလွန်တော်မူသွားရတဲ့အပေါ် ဝမ်းနည်းကြောင်း ဇွန်လ ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော် ပျံလွန်တော်မူချိန်မှာ သက်တော် ၇၇ နှစ်၊ သိက္ခာတော် ၅၇ ဝါရှိပြီး ဝိနယာဓိက ပရိယတ္တိ ပထမကျော်၊ နိုင်ငံတော်အစိုးရ ပထမကျော်၊ သကျသီဟ၊ စေတိယင်္ဂဏ၊ အစိုးရဓမ္မာစရိယ၊ အင်္ဂုတ္တရနိကာယ ပါဠိပါရဂူ၊ ဒီဃဘာဏက၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇဘွဲ့များ ရရှိထားပါတယ်။

ဆရာတော်ရဲ့ အန္တိမအဂ္ဂိဈာပနပွဲကို ဇွန်လ ၂၇ ရက်နေ့မှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။